Thailand

အာဆီယံက တီမောလက်စတေးနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုအတွက် လမ်းပြမြေပုံတစ်ခု ကြေညာခဲ့

Last Updated:

အာဆီယံက ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာမည့် တီမောလက်စတေးနိုင်ငံအတွက် လမ်းပြမြေပုံတစ်ခုကိုကြေညာခဲ့ကြောင်း၊ ယင်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအရ အကျိုးအမြတ်ရှိစေမည့်အရွေ့တစ်ခုဖြစ်ကြောင်း နိုင်ငံခြား‌ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက မနေ့ကပြော ကြားခဲ့ပါသည်။

အဖွဲ့ဝင်နိုင်ငံဖြစ်စေခဲ့သော ယင်းလမ်းပြမြေပုံကို အင်ဒိုနီးရှားနိုင်ငံ၌ မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၄၂ ကြိမ်မြောက် အာဆီယံ  Summit တွင် ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းပြမြေပုံသည် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ရှုထောင့်များအားလုံးကို လွှမ်းခြုံပါကြောင်း၊ တီမောအနေဖြင့် အဖွဲ့ဝင်အဖြစ် အပြည့်အဝဖြစ်စေရန်အတွက် the ASEAN Trade in Goods Agreement (ATIGA)နှင့် the ASEAN Comprehensive Investment Agreement (ACIA) အပါအဝင် အဓိကသဘောတူညီချက် ၆၆ ခုကို လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ms. Auramon Supthawee-thum က ရှင်းလင်းပြောကြားပါသည်။

ယင်းအပြင် တီမောအနေဖြင့် အဖွဲ့ဝင်ဖြစ်ပြီးနောက် ၂ နှစ်အတွင်း အခြား သဘောတူညီချက် များကို လက်မှတ် ရေးထိုးရန် လိုအပ်ပြီး ၅ နှစ်အတွင်း အာဆီယံနှင့် မိတ်ဖက်များအကြား ပြုလုပ်သည့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ရမည်ဖြစ် ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ ၁၁ နိုင်ငံအဖြစ် တီမောဝင်ရောက်လာမှုသည် အာဆီယံဈေးကွက်ကို လူဦးရေ၆၇၃.၈ သန်း အထိ တိုးတက်လာစေခဲ့ပြီး ထိုင်းနှင့်တီမောတို့အကြား စီးပွားရေးအရ ချည်နှောင်မှုများကို ခိုင်မာစေမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပါသည်။

တီမောသည် နိုင်ငံအရသေးငယ်သော်လည်း စီးပွားရေးအရကြီးထွားပါကြောင်း၊ ထိုင်းစီးပွား ‌ရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှိစေမည်ဖြစ်ကြောင်း၊ ထိုင်းရင်းနှီးမြှုပ်နှံသူများကို ဈေးကွက်အသစ်လေ့လာရန်တိုက်တွန်းပါကြောင်း၊ တီမောသည် ထိုင်းနိုင်ငံ၏ ၁၄၉ နိုင်ငံ  မြောက် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ယခင်နှစ်က ကုန်သွယ်မှုပမာဏ ဘတ် ၁.၈ ဘီလီယံ ရှိခဲ့ပါကြောင်း ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံမှ တီမောသို့ တင်ပို့ကုန်များမှာ မိုဘိုင်းဖုန်းများ၊ မော်တော်ကား အစိတ်အပိုင်းများ၊ ဆန်၊ ရေနံထွက်ပစ္စည်းများ၊ ပြုပြင်ပြီး ပင်လယ်စာများ ဖြစ်ပြီး တီမောမှ ထိုင်းနိုင်ငံသို့ တင်သွင်းကုန်များမှာ ရေနံစိမ်း၊ အပင်များနှင့် အပင်အခြေခံ ထုတ်ကုန်များ၊ စာရွက်၊ လျှပ်စစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ဖြစ်ကြောင်း Ms. Auramon က ပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkokpost.gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand