USA

အမေရိကန်နိုင်ငံ၏ စီးပွားရေးပုံမှန်အခြေအနေသို့ရောက်ရှိလာသော်လည်း လူနေတိုက်ခန်းနှင့် အိမ် ဈေးကွက်သည်  ပုံမှန်အခြေအနေသို့ မရောက်ရှိနိုင်သေး

Last Updated:

အမေရိကန်နိုင်ငံ၏ စီးပွားရေးပုံမှန်အခြေအနေသို့ရောက်ရှိလာသော်လည်း လူနေတိုက်ခန်းနှင့် အိမ်ဈေးကွက်သည်  ပုံမှန်အခြေအနေသို့ မရောက်ရှိနိုင်သေးကြောင်း Wall Street Journal အွန်လိုင်း သတင်းတွင် ၁၉-၁-၂၀၂၄ ရက်နေ့၌ “The Economy Is Starting to Look Normal – Housing Isn’t” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ လူနေတိုက်ခန်းနှင့် အိမ်ဈေးကွက်သည် ရှုပ်ထွေးလျက်ရှိပြီး ယင်းအတိုင်း ကာလကြာရှည်စွာ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပါကြောင်း၊ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စတုတ္ထလေးလပတ်ရှိ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) မှာ တတိယလေးလပတ်၏ GDP ထက် (၂) ရာခိုင်နှုန်း တိုးလာသည်ဟု ဖော်ပြခဲ့ကြောင်း၊ နှစ်အလိုက် GDP တိုးနှုန်းသည် (၂.၈) ရာခိုင်နှုန်းကျော်ရှိသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်မီ တိုးနှုန်းနှင့်တူညီခဲ့ပါကြောင်း၊ နောက်လမည့် (၆)လအတွင်း စီးပွားရေးသည် ဤသို့တစ်သမတ်တည်းဖြစ်နေမည်ဟု ယူဆ၍မရကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့်ကာလအတွင်း ပုံမှန်မဟုတ်သည့် အလုပ်သမားဈေးကွက် အပြောင်းအလဲ၊ အစိုးရ၏အထောက်အပံ့၊ စုငွေများပြားခြင်း၊ ကုန်စည်လိုအပ်ချက်မြင့်တက်လာခြင်း၊ Supply Chain ပျက်ယွင်းခြင်းနှင့် ငွေကြေးဖောင်းပွမှုအဆမတန်မြင့်တက်လာခြင်းစသည့် အခြေအနေများစွာဖြစ်ပေါ်ခဲ့ပါကြောင်း သိရှိရပါသည်။ 

နှစ်ပေါင်း (၃၀)အတွင်း အပေါင်စာချုပ်ဖြင့်ချေးငွေအတိုးနှုန်းသည် ပျမ်းမျှ (၆.၆) ရာခိုင်နှုန်းရှိပြီး ကိုဗစ်-၁၉ မတိုင်မီကာလနှင့်နှိုင်းယှဉ်ပါက (၃) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အိမ်ဈေးနှုန်းမှာလည်း လွန်စွာမြင့်တက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မိသားစုတစ်စုသာနေထိုင်နိုင်သည့် နေအိမ်ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ (၂၇၇,၀၀၀) ရှိသော်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ၎င်းအမျိုးအစားအိမ်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ (၃၈၇,၀၀၀) သို့ မြင့်တက်ခဲ့ကြောင်း၊ ဤသို့ဖြစ်ပေါ်ရသည့် အခြေအနေများမှာ အိမ်ရောင်းချမှုနှုန်းကျဆင်းလာ၍ ဖြစ်ပါကြောင်း၊ အိမ်ရောင်းချမှုသည် ကိုဗစ်-၁၉ မတိုင်မီကပင် ကျဆင်းခဲ့ခြင်းဖြစ်ကာ အိမ်ဆောက်လုပ်သည့်လုပ်ငန်းများသည် လုပ်ငန်းလည်ပတ်မှုပျက်စီးသွားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသား လူငယ်၊ လူရွယ်များ၏ ဘဏ္ဍာငွေအခြေအနေမှာလည်း ထိခိုက်မှုရှိခဲ့ကြောင်း၊ အိမ်ဆောက်လုပ်သည့်လုပ်ငန်းများကလည်း အိမ်သေးများ ဆောက်လုပ်ကာ အိမ်စတင်ဝယ်ယူသူများအတွက် ဈေးနှုန်းသက်သာစွာဖြင့်ရရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် လူနေတိုက်ခန်းနှင့် အိမ်ရောင်းဝယ်မှုတိုးတက်လာသဖြင့် စီးပွားရေးတိုးတက်နိုင်သည်ဟု ခန့်မှန်းရပါကြောင်း၊ အိမ်ဆောက်လုပ်ခြင်းကဏ္ဍသည် GDP ကို တိုးတက်စေနိုင်ကြောင်း၊ အမျိုးသား အိမ်ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ မိသားစုတစ်စုတည်းသာနေထိုင်နိုင်သည့် အိမ်ရောင်းချမှုနှုန်းမှာ နောက်လာမည့် (၆) လအတွင်း မြင့်တက်လာနိုင်ကြောင်း၊ အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စတုတ္ထလေးလပတ်တွင် အိမ်ပေါင်း (၁.၀၉) သန်း စတင် ဆောက်လုပ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ပါကြောင်း၊ လူနေတိုက်ခန်းနှင့် အိမ်ရောင်းဝယ်မှုသည် GDP ကို တိုးတက်စေနိုင်သော်လည်း အမေရိကန်နိုင်ငံသား အိမ်ဝယ်သူများအနေဖြင့် ၎င်းတို့တတ်နိုင်သည့်အိမ်ကို ဝယ်ယူရန် ရှာမတွေ့မည်ကို စိုးရိမ်ကြကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးမည်သို့ပင် ကောင်းမွန်လာသည် ဆိုစေကာမူ လူနေတိုက်ခန်းနှင့် အိမ်ရောင်းဝယ်မှုကဏ္ဍ တိုးတက်ကောင်းမွန်လာသည်ဟု မဆိုနိုင်ကြောင်း သိရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: USA