China(Nanning)

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သစ်မော်တော်ယာဉ်ရောင်းချမှုကို လွှမ်းမိုးထား

Last Updated:

တရုတ်နိုင်ငံ၌ စွမ်းအင်သစ်သုံး ခရီးသည်တင်မော်တော်ယာဉ်များ ရောင်းချမှုသည် ယခင်နှစ်တွင်ကမ္ဘာ့စုစုပေါင်း ရောင်းချမှု၏ သုံးပုံနှစ်ပုံနီးပါးရှိကြောင်း စွမ်းအင်သစ် မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်ဈေးကွက်၌ စွမ်းအင်သစ်သုံး ခရီးသည်တင်ကားအစီးရေ (၈.၈၇) သန်းကို ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် (၃၇) ရာခိုင်နှုန်း မြင့်တက်လာကာ ကမ္ဘာလုံးဆိုင်ရာ ရောင်းအား၏ (၆၃.၅) ရာခိုင်နှုန်းရှိကြောင်း တရုတ်ခရီးသည်တင်ကားအသင်း၏ အထွေထွေအတွင်းရေးမှူး Cui Dongshu က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံရှိ ကားရောင်းချမှုအားလုံးတွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ်များ (New Energy Vehicles-NEVs) ၏ အချိုးသည် ၂၀၂၃ ခုနှစ်တွင် (၃၀) ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့ကြောင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ဖွံ့ဖြိုးတိုးတက်မှုနှင့် လျင်မြန်စွာ ကြီးထွားလာသော ကားစျေးကွက်တို့အတွက် အစိုးရ၏ အရှိန်မြှင့်တွန်းအားပေးမှုကြောင့် တရုတ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်များအတွင်း NEV စျေးကွက်သည် အားကောင်းလာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် လျှပ်စစ်ခရီးသည်တင်ကားများသည် နိုင်ငံ၏ရောင်းအား၏ (၆၉) ရာခိုင်နှုန်းနှင့် Plug-in hybrid ကားများသည် (၃၁) ရာခိုင်နှုန်းအထိ လွှမ်းမိုးထားပြီး တရုတ် NEVs များသည် အရှေ့ တောင်အာရှနှင့် ဥရောပ ဈေးကွက်များတွင်လည်း ရေပန်းစားနေသောကြောင့် ပြည်တွင်းဈေးကွက်နှင့် ပို့ကုန်ဈေးကွက် နှစ်ခုစလုံးတွင် ရောင်းအားကောင်းလာသည်ဟု Cui က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်မော်တော်ယာဉ် (NEV) တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် တစ်နှစ်ထက်တစ်နှစ် (၇၇.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အရေအတွက်အားဖြင့် (၁.၂) သန်းအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://english.news.cn/20240217/d597152d3235403c8d37622397d361c0/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)