China(Nanning)

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ အေးခဲထားသော အုန်းရည်ထုတ်ကုန်များနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်လိုက်

Last Updated:

ဗီယက်နမ်နိုင်ငံမှ တင်သွင်းလာသည့် အေးခဲထားသော အုန်းရည်ထုတ်ကုန်များတွင် coliform bacteria၊ တဆေးနှင့် မှိုများ ပါဝင်မှုအဆင့်သည် တရုတ်နိုင်ငံ၏ အစားအစာဘေးကင်းလုံခြုံရေး သတ်မှတ်ချက်များထက် ပိုမိုနေသည်ကို တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China -GACC) မှ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဗီယက်နမ် မီဒီယာများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါ ပြဿနာများ၏ မူလဇစ်မြစ်မှာ ကုမ္ပဏီများမှ အကောင်အထည်ဖော်သည့် အစားအစာဘေးကင်းမှု ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကြောင့်ဖြစ်ကြောင်း GACC က ထောက်ပြခဲ့ပြီး လိုအပ်ပါက အဆိုပါကုမ္ပဏီများကို အွန်လိုင်းစစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်းနှင့် တရုတ်အစိုးရကလည်း ဗီယက်နမ် အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ ကုမ္ပဏီများကို စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ပေးရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။

ဗီယက်နမ် အမျိုးသားစိုက်ပျိုးရေးစီမံကိန်းနှင့် ခန့်မှန်းရေးအဖွဲ့၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ အုန်းပင်စိုက်ပျိုးဧရိယာသည် ယခုအခါ ဟက်တာ (၁၈၈,၀၀၀) ကျော်ရှိကြောင်း၊ ဗီယက်နမ်တွင် အထင်ရှားဆုံး အုန်းသီးထွက်ရှိရာ ဒေသဖြစ်သည့် Ben Tre ပြည်နယ်တွင် စိုက်ပျိုးဧရိယာမှာ ခန့်မှန်းခြေအားဖြင့် ဟက်တာ (၇၈,၀၀၀) ရှိပြီး နှစ်စဉ် အုန်းသီးအလုံးရေ သန်း (၈၀၀) နီးပါး ထုတ် လုပ်နိုင်ပြီး နှစ်စဉ်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း (၂၀၀) ရရှိကြောင်း၊ အုန်းသီးထုတ်ကုန်များသည် အဆိုပါပြည်နယ်၏ စက်မှုထုတ်လုပ်မှုတန်ဖိုး၏ (၂၀) ရာခိုင်နှုန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုး၏ (၂၅) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် ဗီယက်နမ်မှ လတ်ဆတ်သော အုန်းသီးများကို တရားဝင်ကုန်သွယ်မှု လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မပြုဘဲ အသေးစားနယ်စပ် ကုန်သွယ်ရေးအစီအစဉ်များဖြင့်သာ တင်သွင်းနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် GACC သည် ဗီယက်နမ်ရှိ အုန်းခြံများကို စစ်ဆေးရန် ဝန်ထမ်းများကို စေလွှတ်ခဲ့ကြောင်း၊  လတ်ဆတ်သောအုန်းသီး၊ အေးခဲထားသော သစ်သီးထုတ်ကုန်များ၊ citrus နွယ်ဝင်အသီးများ ၊ ထောပတ်သီး၊ သကြားပန်းသီး၊ ဖယောင်း ပန်းသီး၊ ကြက်/ဝက်နှင့် မွေးမြူရေးထွက်ကုန်များ အပါအဝင် ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးရေး ထွက်ကုန်အမျိုးမျိုးအတွက် ဈေးကွက်ရရှိရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ မြှင့်တင်သွားမည်ဟု ၂၀၂၃ ခုနှစ်ကုန်တွင် နှစ်နိုင်ငံအစိုးရများက ပူးတွဲထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ် အုန်းသီးများအတွက် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန် မျှော်လင့်ထားသဖြင့် ဗီယက်နမ်အုန်းသီးအသင်းသည် ယခုနှစ်အတွက် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံရရှိရန် ရည်မှန်းချက် ချမှတ်ထားကြောင်း၊ အသင်း၏ အဆိုအရ ဗီယက်နမ်ရှိ လုပ်ငန်းပေါင်း (၂၀) ခန့်သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသ (၃၅) ခုသို့ အုန်းသီးတင်ပို့ရန် အရည်အချင်းပြည့်မီကြောင်းနှင့် အမေရိကန်နှင့် တရုတ်ဈေးကွက် များသို့ အုန်းသီးများ မကြာမီတင်ပို့နိုင်မည်ဖြစ်ရာ လုပ်ငန်းရှင်များသည် ကမ္ဘာ့ဈေးကွက် လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရန် ၎င်းတို့၏ အုန်းသီးစိုက်ပျိုးဧရိယာများကို တက်ကြွစွာ တိုးချဲ့ကာ စိုက်ပျိုးဧရိယာကုတ်နံပါတ်များကို မှတ်ပုံတင်လျက်ရှိကြောင်း သိရှိရပါသည်။

 

 

Source: https://www.producereport.com/article/china-issues-warnings-over-vietnamese-frozen-coconut-juice-products

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)