Korea

တောင်ကိုရီးယားက တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမြှင့်တင်ရန် ရည်ရွယ်

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် အိမ်နီးချင်းဖြစ်သည့် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု မြှင့်တင်ရန် ပြည်တွင်းကုမ္ပဏီများအား ဈေးကွက်ထိုးဖောက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ထောက်ပံ့ပေးမည့်အပြင် တရုတ်နိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု  တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး၊စက်မှုနှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနက ကြေညာခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေးနှေးကွေးမှုကြောင့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏နံပတ် (၁) ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ မကြာသေးခင်လများက ပို့ကုန်တင်ပို့နိုင်မှု ကျဆင်းခဲ့သဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန် စီမံဆောင်ရွက်မှုများပြုလုပ်ထားရှိပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံအစိုးရသည် တရုတ်နိုင်ငံဗဟိုအစိုးရနှင့်သာမက ဗဟိုအစိုးရအောက်ရှိ မြူနီစပယ်အစိုးရများနှင့်ပါ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင်ကုန်သွယ်မှုမြှင့်တင်ရန် အထောက်အပံ့ပေးသည့်စင်တာများတည်ထောင်ကာ ကုန်သွယ်ရေးကိုယ်စားလှယ်များထားရှိပြီး တရုတ်နိုင်ငံရှိ ကော်ပိုရိတ်လုပ်ငန်းများအတွက် အကူအညီပေးသွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံမှကုမ္ပဏီများ တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်ရွှေ့ပြောင်းနေရာချထားခြင်းနှင့် လုပ်ငန်းပြန်လည်ဖွဲ့စည်းခြင်းများအတွက် အကူအညီပေးသွားမည်ဖြစ်ပါကြောင်း ကုန်သွယ်ရေး၊စက်မှုနှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံက တရုတ်နိုင်ငံသို့ တင်ပို့မှုမြှင့်တင်ရန် ရည်ရွယ်ထားသော အဓိက ဧရိယာ (၃) ခုရှိရာ ၎င်းတို့မှာ secondary batteries၊ လူသုံးကုန်များ၊ ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင်ကူးပြောင်းမှုဆိုင်ရာနယ်ပယ်များဖြစ်ပါကြောင်း၊၎င်းအပြင် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များအနက် အလားအလာကောင်းသော ပို့ကုန်ပစ္စည်းအမျိုးအစား (၃၀) စာရင်းကို ၁၆-၅-၂၀၂၃ ရက် နေ့က ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းပစ္စည်းများမှာလျှပ်စစ်ကားများ၊ တန်ဖိုးမြင့်မှတ်ဉာဏ်ချစ်ပ်ပြားများ၊ ဂိမ်းများနှင့် အလှကုန်များဖြစ်ပြီး အဆိုပါကဏ္ဍများရှိ ကုမ္ပဏီများအတွက် အံဝင်ခွင်ကျဖြစ်စေမည့် အထောက်အပံ့များပေးသွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် အခြားသော ပြည့်ဖြိုးမြဲစွမ်းအင်များဈေးကွက်တွင် ပြည်တွင်းကုမ္ပဏီများက ဝင်ရောက်နိုင်ရေးကူညီပေးနိုင်မည့် အမျိုးမျိုးသောစီမံကိန်းများအတွက် တွန်းအားပေးခြင်းနှင့် ကုန်သွယ်မှုအတွက် ချေးငွေထောက်ပံ့ပေးခြင်းတို့ကို အစိုးရကဆောင်ရွက်သွားရန် ကတိသစ္စာပြုပါကြောင်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၇၄ ဘီလီယံအထိရရှိရန် ရည်မှန်းထားပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနဝန်ကြီး Mr. Lee Chang-yang က ၁၆-၅-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနအသီးသီးမှ အရာထမ်းများနှင့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့ပါသည်။

 

 

Source:   Yonhap News    

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea