Korea

ကမ္ဘာ့ကပ်ရောဂါအပြီးကာလတွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးပြန်လည် နလန်ထူလာမှု ဂျပန်နိုင်ငံထက် နောက်ကျကျန်နေ

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းကို ၁.၅ ရာခိုင်နှုန်း (ကနဦးခန့်မှန်းချက်မှာ ၁.၇ ရာခိုင်နှုန်းဖြစ်ပါသည်) သာရှိမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund- IMF) မှ လျှော့ချခန့်မှန်းထားသော်လည်း Global Credit Ratings Agency ဖြစ် သည့် S&P ကမူ ၂၀၂၃ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်နှုန်းအား ၁.၁ ရာခိုင်နှုန်း (ကနဦးခန့်မှန်းချက်မှာ ၁.၃ ရာခိုင်နှုန်း ဖြစ်ပါသည်) သာရှိမည်ဟု လျှော့ချခန့်မှန်းထား ပါသည်။ သို့သော် ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းကိုမူ ၁.၃ ရာခိုင်နှုန်းမှ ၁.၆ ရာခိုင်နှုန်း အထိ IMF မှ တိုးမြှင့် ခန့်မှန်းထားပါသည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း အရှိန်ရလာခြင်းမှာ ကမ္ဘာ့ကပ်ရောဂါအပြီး ဂျပန် ပြည်တွင်းဝယ်လိုအားမြင့်မားလာခြင်းကြောင့်ဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံကဲ့သို့ပင် ဂျပန်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏စီးပွားရေး တိုးတက်မှုအတွက် ပြည်ပနိုင်ငံအပေါ်မှီခိုမှုနည်းပြီး ပြည်တွင်းသုံးစွဲမှုအပေါ်တွင်သာ အဓိကထားကြောင်း၊ ဂျပန်နိုင်ငံ၏ GDP တွင် ပြည်တွင်းသုံးစွဲမှုသည် ၅၄ ရာခိုင်နှုန်း ပါဝင်ပါကြောင်း၊ သို့သော် တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံ၏စီးပွားရေး တိုးတက်မှုအတွက် ယင်း၏အဓိက ထုတ်ကုန် များဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ရေနံဓါတုပစ္စည်းများအား ပြည်ပနိုင်ငံသို့ တင်ပို့မှု အပေါ်မှီခိုမှုအား ကြီးလွန်းသည့်အတွက် တရုတ်နိုင်ငံ၏ဝယ်လိုအားနည်းပါးမှုက တောင်ကိုရီး ယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို လျော့ကျစေသည့် အဓိကအကြောင်းရင်းဖြစ်ပါကြောင်း တောင်ကိုရီးယားနိုင်ငံရှိ Hi Investment & Securities မှ သုတေသနပညာရှင် Ryu Jin-lee ကပြောကြားပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုကျဆင်းသည့်အပြင် ခရီးသွားဧည့်သည်ဝင်ရောက်မှုနည်းခြင်းနှင့် တောင်ကိုရီးယားနိုင်ငံသားများက  ပြည်ပသို့သွားရောက်လည်ပတ်မှုများခြင်းတို့သည်လည်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါကြောင်း Ryu Jin-lee ကပြောကြားခဲ့ပါသည်။

 

 

 

Source:   The Korea Times  

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea