Korea

တောင်ကိုရီးယားနိုင်ငံ၏ လျှပ်စစ်မီတာခနှင့် Gas နှုန်းထားများမြှင့်တင်

Last Updated:

 

တောင်ကိုရီးယားနိုင်ငံ၏ လျှပ်စစ်မီတာခနှင့် ဓါတ်ငွေ့ (Gas) ဈေးနှုန်းများကို ၁၆.၅.၂၀၂၃ ရက်နေ့မှစတင်၍ ၅.၃ ရာခိုင်နှုန်း မြှင့်တင်သွားမည်ဟုတောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်‌ရေး၊ စက်မှုနှင့် စီးပွားရေးဝန်ကြီးဋ္ဌာနဝန်ကြီး Mr. Lee Chang-yang က ၁၅-၅-၂၀၂၃ ရက်နေ့ကကျင်းပသော  ရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။

လျှပ်စစ်မီတာခနှင့် ဓါတ်ငွေ့ (Gas) ဈေးနှုန်းများမြှင့်တင်ရခြင်းမှာ နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီများအနေဖြင့် ငွေကြေးလုံလောက်မှုမရှိသည့်အတွက် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန် ရည်ရွယ်ပါကြောင်း၊ လျှပ်စစ်မီတာခနှုန်းထားသည် တစ်နာရီလျှင် (၁) ကီလိုဝပ်အတွက် ကိုရီးယားဝမ်ငွေ (၈) ဝမ် ( အမေရိကန်ဒေါ်လာ ၀.၀၀၆ ဒေါ်လာ) မြှင့်တင်မည်ဖြစ်ပြီး  ဓါတ်ငွေ့ (Gas) ဈေးနှုန်းများကို တစ် Megajoule လျှင် ၁.၀၄ ဝမ် တိုးမြှင့်သွားမည်ဟု ဝန်ကြီး Mr. Lee Chang-yang က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်မားလာသည့်အတွက် နိုင်ငံပိုင် Kepco နှင့်  Kogas ကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်မှစ၍ လိုငွေပြခဲ့ရာ Kepco အနေဖြင့် ဝမ်ငွေ ၃၈.၅ ထရီလီယံ လိုငွေပြခဲ့ပြီး Kogas အနေဖြင့်ဝမ်ငွေ ၁၁.၆ ထရီလီယံ လိုငွေပြခဲ့ပါကြောင်း ဝန်ကြီးကပြောကြားခဲ့ပါသည်။

ယင်းသို့ တိုးမြှင့်လိုက်သည့်အတွက် လျှပ်စစ်မီတာနှင့် ဓါတ်ငွေ့ (Gas) ကို ပျမ်းမျှပမာဏသုံး စွဲသည့် လူဦးရေ (၄) ဦးနေထိုင်သည့် အိမ်အတွက်တစ်လလျှင် ကိုရီးယားဝမ်ငွေ ၃,၀၀၀ ဝမ်နှင့်  ၄,၄၀၀ ဝမ်စီ ပိုမို ကုန်ကျသွားမည် ဖြစ်ပါသည်။ သို့သော် စီးပွားရေးအရ အားနည်းသည့် အိမ်ထောင်စုများကို ကာကွယ်ရန် အစိုးရကအထောက်အပံ့ပေးသည့် စီမံဆောင်ရွက်မှုများပြုလုပ်သွားမည်ဟု အစိုးရကကြေညာထားပါသည်။

 

 

 

Source:    The Korea Herald

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: Korea