Korea

ဥရောပကုမ္ပဏီ (၆) ခုက တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၉၄၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ကတိပြုခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံသမ္မတ ယွန်ဆုခ်ယော် ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဥရောပကုမ္ပဏီ (၆) ခုက တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၉၄၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ကတိပြုခဲ့ပါသည်။ အားပြန်သွင်း၍ရသော ဘက်ထရီ၊ ပတ်ဝန်းကျင်ကို ညစ်နွမ်းမှုမရှိစေသော ယာဉ်များနှင့် အသစ်ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စသည်တို့ကို ထုတ်လုပ်သည့် လုပ်ငန်းများတွင် တောင်ကိုရီးယားနိုင်ငံမှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း ဥရောပကုမ္ပဏီများက ပြောကြားခဲ့ပါသည်။

ဥရောပကုမ္ပဏီ (၆) ခုအနက် ပြင်သစ်နိုင်ငံတွင် ရုံးချုပ်ရှိသည့် Imerys သည် အားပြန်သွင်း၍ရသော ဘက်ထရီများတွင် cathode materials များအတွက် ဖြည့်စွက်ပစ္စည်းများအဖြစ် အသုံးပြုသည့်  carbon black အတွက် စက်ရုံများဆောက်လုပ်မည်ဖြစ်ပြီး ဘယ်လ်ဂျီယံတွင် ရုံးချုပ်ထားရှိသည့် Umicore  သည်လည်း Anode ပစ္စည်းများအတွက် စက်ရုံများဆောက်လုပ်ရန်နှင့် တောင်ကိုရီးယားနိုင်ငံတွင် သုတေသနဗဟိုဌာန (R&D center) တစ်ခုထူထောင်သွားရန် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။ ကားအပိုပစ္စည်းများ ထုတ်လုပ်သည့် နာမည်ကြီး Continental ကလည်း ခေတ်မီအီလက်ထရောနစ် အစိတ်အပိုင်းများထုတ်လုပ်သည့် စက်ရုံများ ထူထောင်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံရှိ Nylacast ကလည်း ၎င်း၏ရင်းနှီးမြှုပ်နှံမှုများကို ခေတ်မီပိုလီမာစက်ရုံများအဖြစ် ပြောင်းလဲတည်ထောင်သွားမည် ဖြစ်ပါသည်။ စွမ်းအင်ကုမ္ပဏီများဖြစ်ကြသည့် Equinor နှင့် CIP တို့ကလည်း တောင်ကိုရီးယားနိုင်ငံ၏ ကမ်းလွန်လေစွမ်းအင် ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်၊။

အဆိုပါ ကုမ္ပဏီတစ်ခုစီက မည်၍မည်မျှ ရင်းနှီးမြှုပ်နှံသွားမည်ကို တောင်ကိုရီးယားနိုင်ငံအစိုးရက တရားဝင်ထုတ်ဖော်မ‌ပြောသော်လည်း စုစုပေါင်းအမေရိကန်ဒေါ်လာ သန်းပေါင်း ၉၄၀ ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံရန်အတွက် အကောင်းဆုံးနိုင်ငံဖြစ်ရေးနှင့် ပြည်တွင်းအလုပ်အကိုင် ဖန်တီးပေးရေးတို့အတွက် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့စံချိန်စံညွှန်းများနှင့်မညီသည့် ပြည်တွင်းစည်းမျဉ်းစည်းကမ်းများကိုလည်း ဖယ်ရှားသွားမည် ဖြစ်ပါကြောင်းနှင့် တည်ငြိမ်သော အထောက်အပံ့ကွင်းဆက်နှင့် ခေတ်ရှေ့ပြေးသော လုပ်ငန်းများတွင်ပါဝင်သည့် ကုမ္ပဏီများအတွက်လည်း မက်လုံးများပေးမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အခက်အခဲရှိပါက အစိုးရသိအောင်ပြောစေလိုပါကြောင်း   တောင်ကိုရီးယားနိုင်ငံသမ္မတ ယွန်ဆုခ်ယော်က ပြင်သစ်တွင်ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

 

Source: https://www.koreatimes.co.kr/www/nation/2023/06/120_353417.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea