Vietnam

ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဆန်တင်ပို့မှုနှင့် ဈေးကွက်တည်ငြိမ်ရေးတို့ အတွက် နှစ်ရှည်မဟာဗျူဟာချမှတ်

Last Updated:

နိုင်ငံအများအပြားက ဆန်တင်ပို့မှု တားမြစ်ပြီးနောက် ဆန်တင်ပို့မှုနှင့် ဈေးကွက်တည်ငြိမ်ရေး မဟာဗျူဟာကို စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) က ရေးဆွဲနေကြောင်း MoIT ၏ ပို့ကုန်သွင်းကုန်ဌာနက လက်ထောက်ညွှန်ကြားရေးမှူး Tran Quoc Toan ကပြောကြားခဲ့သည်။

အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ရုရှားတို့က တင်ပို့မှု ပိတ်ပင်ထားမှု၊ အယ်နီညို၏ ဆိုးရွားသောအကျိုးသက်ရောက်မှု၊ ပင်လယ်နက် စပါးသဘောတူညီချက်မှ ရုရှားက နုတ်ထွက်မှုသည် ကမ္ဘာ့ဆန်ထောက်ပံ့မှုအပေါ် အလွန်အမင်း လွှမ်းမိုးခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာကြောင်း Toan မှ ပြောကြားခဲ့သည်။ ငွေကြေးဖောင်းပွမှု အခြေအနေ တိုးမြှင့်လာခြင်းမရှိသဖြင့် နိုင်ငံအများအပြား၏ စီးပွားရေး ပြန်လည်ဦးမော့လာခဲ့သည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စပါးဟတ်တာ ၇.၁သန်း စိုက်ပျိုးထားပြီး စုစုပေါင်း အထွက်နှုန်းမှာ တန်ချိန် ၄၃.၁ သန်းဝန်းကျင်ရှိပြီး ယခင်နှစ်များထက် တန်ချိန် ၄၅၂၀၀၀ ပိုများကြောင်း၊ တစ်နှစ်အထွက်အနှုန်းမှာ ပြည်တွင်းလိုအပ်ချက်အပြင် ဗီယက်နမ်သည် ယခုနှစ်တွင် တန်ချိန် ၇.၅ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ပထမခုနှစ်လအတွင်း ပြည်ပသို့ တန်ချိန် ၄.၈၃သန်း တင်ပို့ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် MoIT သည် ဈေးကွက်အခြေအနေကို စောင့်ကြည့်ရန် အခြားဝန်ကြီးဌာနများ၊ ကဏ္ဍများ၊ ဒေသဆိုင်ရာများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်များ၏ အခက်အခဲများနှင့် ပြဿာနာများကို ဆောလျင်စွာ သိရှိနိုင်ရန် အတားအဆီးများကို ဖယ်ရှားကာ ဆန်တင်ပို့မှုလုပ်ငန်းများကို နှစ်ကုန်အထိ လွယ်ကူချောမွေ့စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၏ ဆန်ထွက်ကုန်တန်ဖိုးမြှင့်တင်ရန် ကုန်သွယ်မှုမြှင့်တင်ရေး အစီအစဉ်များကို ဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သမန်ရိုးကျနှင့် အွန်လိုင်း ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လက်မှတ်ရေးထိုးထားသော လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (FTAs) ၏ ဦးစားပေးအစီအစဉ်များကို အသုံးချကာ ပို့ကုန်ဈေးကွက် အမျိုးမျိုးအတွက် နိုင်ငံခြားမိတ်ဖက်များနှင့် တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ ၎င်းတို့၏ ထုတ်လုပ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်အတွက် လမ်းညွှန်မှုနှင့် ကူညီမှုများ ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ စေ့စပ်ညှိနှိုင်းခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ပို့ကုန်စာချုပ်များ လုပ်ဆောင်ခြင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ၎င်းတို့၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရောင်းလိုအားနှင့် ဈေးနှုန်းများကို ထိန်းချုပ်ရန်အတွက် မူရင်းဇစ်မြစ်မသိရသိဆန်များ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းဝယ်ဖောက်ကားမှုကို တားဆီးရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: Vietnam News Agency

(ဝင့်နန္ဒာကျော်ကျော်၊စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam