China(Nanning)

တရုတ်ပြည်မကြီးသည် ထိုင်ဝမ်မှ သရက်သီးတင်သွင်းမှုကို ရပ်ဆိုင်းလိုက်

Last Updated:

ထိုင်ဝမ်မှ တရုတ်ပြည်မကြီးသို့ တင်သွင်းသည့် သရက်သီးများကို ဩဂုတ်လ (၂၁) ရက်နေ့မှစတင်၍ ရပ်ဆိုင်းထားရန် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့ (The General Administration of Customs-GACC) ၏ ဆုံးဖြတ်ချက်သည် တရားဝင်၊ သိပ္ပံနည်းကျနှင့် စံချိန်စံညွှန်းမီ ဇီဝလုံခြုံရေး ကြိုတင်ကာကွယ်မှုဖြစ်ကြောင်း နိုင်ငံတော်ကောင်စီရုံးမှ ထိုင်ဝမ်ရေးရာ ပြောရေးဆိုခွင့်ရှိသူ Ms. Zhu Fenglian က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ အကောက်ခွန်ဌာနသည် ယခုနှစ်အတွင်း ထိုင်ဝမ်မှ တင်သွင်းသည့် သရက်သီးများတွင် အန္တရာယ်ရှိသော အင်းဆက်ပိုးမွှားတစ်မျိုးဖြစ်သည့် passionvine mealybugs ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါပိုးမွှားများသည် တရုတ်ပြည်မကြီး၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဂေဟစနစ်လုံခြုံရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ယခုတွေ့ရှိမှုကြောင့် GACC သည် ထိုင်ဝမ်မှ သရက်သီးတင်သွင်းမှုကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။

GACC သည် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ချုပ်ဆိုခဲ့သော တရုတ်-ထိုင်ဝမ် စိုက်ပျိုးရေးထွက်ကုန်များ ပိုးမွှားကင်းရှင်းရေးနှင့် စစ်ဆေးရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ဆောင်ရွက်လျက်ရှိသည့် လမ်းကြောင်းများကို ဆိုင်းငံ့ထားရန် ထိုင်ဝမ်ကို အသိပေးအကြောင်းကြားခဲ့ပြီး အပင်ပိုးမွှားကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် တောင်းဆိုခဲ့သည်ဟု Zhu က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အစီအမံများသည် လုပ်ရိုးလုပ်စဉ်၊ သိပ္ပံနည်းကျနှင့် ကျိုးကြောင်းဆီလျော်သော ဇီဝလုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများဖြစ်ပြီး တရုတ်ပြည်မကြီး၏ ဥပဒေများ၊ စည်းမျဉ်းများနှင့် စံနှုန်းများနှင့် ညီညွတ်ကြောင်း သူမက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အစားအစာဘေးကင်းလုံခြုံရေးနှင့် ပိုးမွှားကင်းစင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားများစစ်ဆေးတွေ့ရှိပါက တင်သွင်းမှုကို ချက်ချင်းဆိုင်းငံ့လေ့ရှိသဖြင့် မြန်မာနိုင်ငံမှ တင်ပို့လျက်ရှိသော စားသောက်ကုန်များ၊ ရေထွက်ကုန်များနှင့် သစ်သီးဝလံများ ပိုးမွှားကင်းစင်ရေးကို အထူးဂရုပြုဆောင်ရွက်သင့်ပါကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.chinadaily.com.cn/a/202308/21/WS64e31d49a31035260b81d5b4.html  

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)