China(Beijing)

အစိုးရ၏ အားကောင်းသည့်မူဝါဒပံ့ပိုးမှုဖြင့် စတုတ္ထလေးလပတ်ကာလအတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မြှင့်တင်နိုင်ရေးဆောင်ရွက်

Last Updated:

တရုတ်နိုင်ငံတွင် ပြည်သူများ၏ ချေးငွေရယူမှု ထပ်မံများပြားလာခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံ၏ စုစုပေါင်းလူမှုရေးဆိုင်ရာ ဘဏ္ဍာငွေသည် ဩဂုတ်လတွင် ယွမ် ၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၁၂ ဘီလီယံ) ကျော် တိုးတက်ခဲ့ကာ သမိုင်းတွင် ဒုတိယအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါသည်။

တိုးတက်မှုအများစုမှာ အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများကြောင့်ဖြစ်ပြီး ဇူလိုင်လတွင် ယွမ် ၀.၄၁ ထရီလီယံရှိရာမှ သြဂုတ်လတွင် ၁.၁၈ ထရီလီယံရှိခဲ့ကာ ယခင်နှစ်ကာလတူထက် ၀.၃၀ ထရီလီယံယွမ် တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ချေးငွေရယူခြင်းဆိုင်ရာ အချက်အလက်များအပြင် စီးပွားရေး အချက်အလက်များကလည်း အားတက်စရာလက္ခဏာများ ပြသခဲ့ကြောင်း၊ လွန်ခဲ့သည့် သုံးလအတွင်း စားသုံးသူညွှန်းကိန်းမှာ အပြုသဘောဆောင်သည့် တိုးတက်မှုများ ထပ်မံရရှိခဲ့ကြောင်း၊ ထုတ်လုပ်သူ ညွှန်းကိန်းမှာလည်း တစ်သမတ်တည်း တိုးတက်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုနှင့် အမှာစာအသစ်များ လက်ခံရရှိမှု ၅၀ ရာခိုင်နှုန်းကျော်ခဲ့သဖြင့် ကုန်ပစ္စည်းဝယ်ယူမှုညွှန်းကိန်း ၄၉.၇ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့ကြောင်း၊ ပို့ကုန်နှင့်သွင်းကုန် ပမာဏမှာလည်း တိုးတက်ခဲ့ကြောင်း၊ အချက်အလက်များအရ စီးပွားရေး တည်ငြိမ်လျက်ရှိပြီး ဒုတိယသုံးလပတ်ကာလ ဇူလိုင်လတွင်း စီးပွားရေးကျဆင်းခဲ့ရာမှ ပြန်လည် ကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဩဂုတ်လလယ်မှစ၍ တရုတ်နိုင်ငံအနေဖြင့် ပြန်လည်တုံ့ပြန်ဆောင်ရွက်မည့် မေခရိုမူဝါဒ ပံ့ပိုးမှုအားကောင်းစေရေး ဆောင်ရွက်ခဲ့ပြီးနောက် ယခုကဲ့သို့ကောင်းမွန်သည့် စီးပွားရေးလက္ခဏာများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုဗဟိုကော်မတီမှ စီးပွားရေးအကဲဖြတ်မှု ပြောင်းလဲခဲ့ပြီးနောက် မူဝါဒဆိုင်ရာ ပံ့ပိုးကူညီရန် အဆင့်နှစ်ဆင့်ကို ဖြတ်သန်းခဲ့ကြောင်း၊ ပထမအဆင့်မှာ ဇူလိုင်လ နှောင်းပိုင်းမှ သြဂုတ်လဆန်းပိုင်းအတွင်း အစိုးရကစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုသည့် မူဝါဒလမ်းညွှန်စာတမ်းများ ဆက်တိုက်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ မူဝါဒများတွင် အစိုးရ၏ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်၏ အရေးကြီးသော အစိတ်အပိုင်းများပါဝင်ကြောင်း သိရှိရပါသည်။

ဒုတိယအဆင့်အနေဖြင့် သြဂုတ်လလယ်မှ လက်ရှိအချိန်အထိ စီးပွားရေးကဏ္ဍအလိုက် တိုင်းတာ၍ အကျိုးသက်ရောက်စေမည့်  မူဝါဒများ တိုက်ရိုက်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ငွေချေးသက်သေခံ စည်းမျဉ်းစည်းကမ်း ချမှတ်ရေးကော်မရှင်မှ စျေးကွက်တွင် ပါဝင်သူများနှင့် အစောပိုင်းဆွေးနွေးမှုများပြုလုပ်၍ ထွက်ပေါ်လာသည့် တိုင်းတာချက်ရလဒ်များအရ တံဆိပ်ခေါင်းခွန်နှင့် ငွေလွှဲခများလျော့ခြင်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအတွက် ကနဦးပေးချေရသည့် ဆောင်ရွက်ခများထိန်းချုပ်ခြင်း၊ အင်တာနက်၊ ဖုန်းစသည်တို့မှ ဝယ်ယူရောင်းချမှုများ အကန့်အသတ်ဖြင့် ဆောင်ရွက်စေပြီး အမြတ်ဝေစုများရရှိစေရေး  တွန်းအားပေး ဆောင်ရွက်ခြင်းစသည်တို့ ဆောင်ရွက်ခဲ့ကြောင်း၊ အရွယ်အစားနှင့် ဖြန့်ကျက်ဆောင်ရွက်နိုင်မှု အနေအထားမှာ ကြေငြာချက် ထုတ်ပြန်စဉ်က စျေးကွက်မျှော်မှန်းချက်ထက် ကျော်လွန်ခဲ့ကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးမူဝါဒနှင့် အိမ်ခြံမြေမူဝါဒနှစ်ခုမှာ ယခုကာလ တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးဆုံးဖြစ် ကြောင်း၊ ဘဏ္ဍာရေးရပ်တည်မှုအရ ပထမခုနစ်လအတွင်း GDP ၏ ၂ ရာခိုင်နှုန်း နီးပါးထိရောက်စွာ တင်းကျပ်ဆောင်ရွက်ခဲ့ကာ ၂၀၂၃ ခုနှစ် ဇူလိုင်လထိ  ဘဏ္ဍာရေးလိုငွေပြမှုမှာ GDP ၏ ၂.၅ ရာခိုင်နှုန်းဖြစ်ခဲ့သဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက -၄.၃ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရှိရပါသည်။

အဓိကအကြောင်းရင်းမှာ ယခင်နှစ်က အစိုးရ၏ ချေးယူငွေနှင့် သုံးစွဲမှုသည် ပထမနှစ်ဝက်ကာလ၌ front-loaded နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်တို့အကြား ချေးငွေရယူမှုမှာ ညီမျှလျက်ရှိခြင်းကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ သြဂုတ်လ၌ အစိုးရငွေချေးစာချုပ် ထုတ်ပေးမှု အရှိန်မြှင့်တင်ခဲ့ကြောင်း၊  နောက်လအနည်းငယ်အတွင်း အစိုးရအနေဖြင့် အများပြည်သူ ရင်းနှီးမြှုပ်နှံနိုင်မည့် လုပ်ငန်းများအပါအဝင် အသုံးစရိတ် အစီအမံများ ချမှတ်ခြင်းဖြင့် ချေးငွေများ တိုးမြှင့်ချေးယူစေခဲ့ကြောင်း ဖော်ပြထားပါသည်။

CPC ဗဟိုကော်မတီနိုင်ငံရေးဗျူရိုက အိမ်ခြံမြေကဏ္ဍဆိုင်ရာ မူဝါဒပြောင်းလဲမှု ဆောင်ရွက်ရာ၌ နောက်ထပ်မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့မှုများပြုလုပ်ခဲ့ပြီး အထူးသဖြင့် အဆင့်-၁ နှင့် အဆင့် ၂ မြို့ကြီးများတွင် အိမ်ခြံမြေဝယ်ယူခြင်းနှင့် ငှားရမ်းခြင်းဆိုင်ရာ လျှောက်ထားမှုများအတွက် ကန့်သတ်ချက်များဖြစ်ကြောင်း၊ အဆင့် ၁ နှင့် အဆင့် ၂ မြို့များသည် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့်  အိမ်ရာရောင်းချမှု၏ ထက်ဝက်ကျော်ရှိကြောင်း၊ အဆိုပါမြို့များ၌ မူဝါဒ အပြောင်းအလဲများကြောင့် အိမ်ရာဈေးကွက်အပေါ် သိသာထင်ရှားသည့် သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံပြည်သူ့ဘဏ်၊ ဗဟိုဘဏ်နှင့် အမျိုးသားဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကနဦးဝယ်ယူမှုအတွက် အနိမ့်ဆုံး ငွေပေးချေမှုအချိုးနှင့် အပေါင်စာချုပ်များအတွက် အတိုးနှုန်းလျှော့ချခြင်းများ အပါအဝင် ပထမဆုံးအကြိမ် အိမ်ဝယ်ယူမည့်သူများအတွက် သက်သာစေမည့် နည်းလမ်းးများနှင့် ပထမဆုံးအကြိမ် အိမ်ခြံမြေပေါင်နှံသည့် ချေးငွေများနှင့်စပ်လျဉ်းသည့် အတိုးနှုန်းဖြတ်တောက်ခြင်းစသော အိမ်ခြံမြေကဏ္ဍအတွက် ဖြေလျှော့မှု အစီအမံများ ဆက်တိုက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိချေးငွေများအပေါ် အတိုးနှုန်းဖြတ်တောက် ဆောင်ရွက်ခြင်းကြောင့်  ပြည်သူများ၏ သုံးစွဲမှုကို သက်ဆိုင်ရာနယ်ပယ်အတွင်း အတိုင်းအတာတစ်ခုအထိ မြှင့်တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ အတိုးနှုန်းအခြေခံပွိုင့် ၁၀၀ ကို အပေါင်စာချုပ်များ၏ ၃၈ ထရီလီယံယွမ်ပေါ်တွင် ဖြတ်တောက်ခြင်းက နိုင်ငံတွင်း စားသုံးသူများအတွက် ၀.၄ ထရီလီယံယွမ် သက်သာနိုင်ကြောင်း၊ အကြမ်းဖျဉ်းအားဖြင့် တစ်နှစ်လက်လီရောင်းရငွေ၏ ၁ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

ယခုနှစ်တွင် ငွေချေးသူအများစုသည် အတိုးနှုန်း မြင့်မားမှုကြောင့် ချေးငွေပြန်ဆပ်မှုတိုးလာခဲ့သဖြင့် ကာလတိုအကျိုးသက်ရောက်မှု ပိုများလာနိုင်ကြောင်း၊ သို့ရာတွင် အတိုးနှုန်းဖြတ်တောက်မှုအရ စောလျင်စွာ ပြန်လည်ပေးဆပ်မှု မက်လုံးများ လျော့ကျလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုခန့်မှန်းချက်ကို အခြေခံ၍ ယခုနှစ် တတိယသုံးလပတ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် အနိမ့်ဆုံး ၄.၆  ရာခိုင်နှုန်းရှိသင့်ပြီး ဩဂုတ်လလယ်မှစကာ အိမ်ခြံမြေကဏ္ဍကို အဓိကဦးတည်၍ အစိုးရ၏ အားကောင်းသည့် မူဝါဒပံ့ပိုးမှုများကြောင့် စတုတ္ထလေးလပတ်ကာလ စီပွားရေးတိုးတက်မှုနှုန်းမှာ ၅ ရာခိုင်နှုန်းသို့ တိုးတက်သင့်ကြောင်း Deutsche Bank မှ တရုတ်စီးပွားရေးပညာရှင်မှ ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

 

Source: Intensified govt policy support set to boost economic growth in Q4 - People's Daily Online

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

Category: China(Beijing)