China (Kunming)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ ရထားလမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်စည်တင်ပို့မှု တန်ချိန် ၅ သန်းကျော်ရှိ

Last Updated:

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ပြီး အချိန်မှစ၍ ဩဂုတ်လကုန်အထိ တရုတ်-လာအိုရထားလမ်းသည် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု ပမာဏတွင် တန်ချိန် ၅ ဒသမ ၁၂ သန်းအထိ တိုးလာကြောင်း ကူမင်းအကောက်ခွန်ဌာနမှ သိရှိရသည်။ အဆိုပါ ရထားလမ်းသည် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယာနှင့် စင်္ကာပူနိုင်ငံအပါအဝင် Belt and Road နိုင်ငံပေါင်း ၁၂ နိုင်ငံနှင့် တရုတ်နိုင်ငံ၏ ပြည်နယ်စုစုပေါင်း ၃၁ ခုကို ချိတ်ဆက်ထားသည်။

တရုတ်နိုင်ငံ၊ ပြည်နယ်များအနေဖြင့် အာဆီယံနိုင်ငံများမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို အများဆုံးတင်သွင်းဆောင်ရွက်ကြပြီး လျှပ်စစ်ပစ္စည်းများနှင့် ဆိုလာသုံးပစ္စည်းများကို အဆိုပါနိုင်ငံများသို့ အဓိကတင်ပို့ကြသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်းသည် နိုင်ငံတကာကုန်သွယ်မှုအတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ချိန် စုစုပေါင်း ၈၂,၀၀၀ တန် သယ်ယူပို့ဆောင်ပေးခဲ့ပြီး တန်ဖိုးအားဖြင့် တရုတ်ယွမ် ၂ ဘီလီယံကျော်ရှိပါသည်။

တရုတ်-လာအို ရထားလမ်းသည် ထိုင်းနိုင်ငံမှ ဒူးရင်းသီးများ တင်သွင်းမှုအတွက် သယ်ယူချိန်ကို ၇ ရက်မှ ၃ ရက်အထိ တိုတောင်းစေပြီး သယ်ယူစရိတ်ကိုလည်း ၃၀ ရာခိုင်နှုန်း လျော့ချလာနိုင်သည်ဟု ယူနန်ပြည်နယ်တောင်ပိုင်း၊ ရှစ်ဆောင်ပနားပြည်နယ်ခွဲ အခြေစိုက် အကောက်ခွန် ကုမ္ပဏီတစ်ခုမှ ဖော်ပြခဲ့သည်။ ယူနန်ပြည်နယ်၌ ဩဂုတ်လတွင် ဒူးရင်းသီးတင်သွင်းမှုအနေဖြင့် တစ်နှစ်ထက်တစ်နှစ် ၈၅ ဒသမ ၁၄ ရာခိုင်နှုန်း မြှင့်တက်လာခဲ့သည်။

ယူနန်ပြည်နယ်အနေဖြင့် နယ်စပ်ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ဂိတ် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသကဲ့သို့ ဆက်သွယ်ရေးလမ်းကြောင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တစ်ပြိုင်နက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဂိတ် အခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုတို့ကိုလည်း ယခင်ထက် ပိုမိုလွယ်ကူ လျှင်မြန်ချောမွေ့စေရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်၍ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၌ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

 

Source: http://english.yunnangateway.com/html/2023/news_0915/32619.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)