အိန္ဒိယအစိုးရသည် လာမည့် ၂၀၂၅-၂၆ ခုနှစ်အတွက် မိုးရာသီ သီးနှံခုနစ်မျိုး၏ အနိမ့်ဆုံး ပံ့ပိုးသတ်မှတ်ဈေးနှုန်း (MSP) ကို ဗုဒ္ဓဟူးနေ့တွင် အမြင့်ဆုံး ၅ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ MSP ဈေးနှုန်းတိုးမြှင့်သတ်မှတ်ပေးခြင်းသည် တောင်သူလယ်သမားများအတွက် မိုးရာသီ သီးနှံစျေးနှုန်းများကို အာမခံပေးထားသည့်အတွက် သီးနှံမျိုးစုံကွဲပြားမှုရှိစေရန် လှုံ့ဆော်ပေးလိမ့်မည်ဟု အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဓိက မိုးရာသီ သီးနှံဖြစ်သည့် ဂျုံ၏ MSP သည် ၁၀၀ ကီလိုဂရမ်လျင် ရူပီး ၁၅၀ မြင့်တက်ခဲ့သည်။ အိန္ဒိယသည် စားသုံးဆီနှင့် ပဲမျိုးစုံအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ရည်မှန်းထားသောကြောင့် rapeseed နှင့် မုန်ညင်းစေ့တို့၏ MSP အား ၁၀၀ ကီလိုဂရမ်လျင် ၃၀၀ ရူပီးနှင့် ပဲနီလေး (masur) ၁၀၀ ကီလိုဂရမ်လျှင် ၂၇၅ ရူပီး တိုးမြှင့်ခဲ့သကဲ့သို့ ကုလားပဲအား ၁၀၀ ကီလိုဂရမ်လျှင် ၂၁၀ ရူပီး တိုးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မုန်ညင်းစေ့နှင့် ကုလားပဲအတွက် မြင့်မားသော MSP သည် လယ်သမားများအား ပိုမို ကောင်းမွန်သော အမြတ်အစွန်းများ ရရှိစေပြီး အိန္ဒိယ၏ စားသုံးဆီနှင့် ပဲမျိုးစုံထောက်ပံ့မှုအတွက် အရေးပါသည့် အဆိုပါသီးနှံများ ပိုမိုစိုက်ပျိုးမှုကို အားပေးရန်မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင်ရာသီဥတုဖောက်ပြန်မှုများကြောင့် သီးနှံအထွက်နှုန်းများ နှစ်နှစ်ဆက် တိုက်ကျဆင်းခဲ့ကာ ပဲမျိုးစုံဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ကုန်စည်များ လုံလုံလောက်လောက်ရှိစေရန်အတွက် အစိုးရက ပဲမျိုးစုံသွင်းကုန်ကန့်သတ်ချက်များကို ဖယ်ရှားပေးရသည်အထိ ဖိအားများရှိခဲ့ကြောင်းနှင့် အစိုးရသည် လယ်သမားများအား ၎င်း၏ အွန်လိုင်းပေါ်တယ်တွင် မှတ်ပုံတင်ထားရှိပါက ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို ပမာဏ အကန့်အသတ်မရှိဘဲ MSP ဈေးနှုန်းဖြင့် ၀ယ်ယူရန် ကတိပြုထားကြောင်းလဲ သိရှိရသည်။
Source: At WTO, India breathes fire over Dragon’s trade policies, The Economic Times,
(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)
 
                         
                        