Vietnam

၂၀၂၃ ခုနှစ်အတွင်း ပို့ကုန်၀င်ငွေ ရရှိမှုတွင် ဟိုချီမင်းမြို့တော် ထိပ်ဆုံးမှ ရပ်တည်

Last Updated:

ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရ တောင်ပိုင်းစီးပွားရေးဗဟိုချက်ဖြစ်သည့် ဟိုချီမင်းမြို့တော်သည် ၂၀၂၃ ခုနှစ်တွင် ပို့ကုန်ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၄၂.၄၆ ဘီလီယံဖြင့်  ဦးဆောင်ခဲ့ကြောင်း သိရသည်။

၎င်းနောက်တွင် မြောက်ပိုင်း Bac Ninh ပြည်နယ်က အမေရိကန်ဒေါ်လာ ၃၉.၃ ဘီလီယံ၊ တောင်ပိုင်း Binh Duong ပြည်နယ်က အမေရိကန်ဒေါ်လာ ၃၀.၆ ဘီလီယံနှင့် မြောက်ပိုင်း Thai Nguyen ပြည်နယ်က အမေရိကန်ဒေါ်လာ ၂၅.၇ ဘီလီယံ အသီးသီးရရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်၏မြို့ကြီး ၆၃ မြို့တွင် ဟနွိုင်းမြို့တော်သည် အမေရိကန်ဒေါ်လာ ၁၆.၆၅ ဘီလီယံရရှိပြီး အဆင့် ၈ ရှိကြောင်း ဖော်ပြထားသည်။

ဟိုချီမင်းမြို့တော်သည် ဗီယက်နမ်နိုင်ငံအတွက် ပို့ကုန်ဝင်ငွေရှာဖွေမှုတွင် နှစ်ပေါင်းများစွာ ထိပ်ဆုံးမှ ဆက်တိုက်ရပ်တည်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄.၉ ဘီလီယံနှင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၇.၅ ဘီလီယံအထိ တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေပြီး ၎င်းနောက်တွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ရှိကြောင်း ဖော်ပြထားပါသည်။

ဟိုချီမင်းမြို့တော်အနေဖြင့် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုတွင် ဗီယက်နမ်ကို ဦးဆောင်ခဲ့ပြီး စုစုပေါင်း စာရင်းသွင်းမတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅.၈၅ ဘီလီယံဖြင့် တစ်နှစ်ထက်တစ်နှစ် ၅၀ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vn economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam