Thailand

ဒူးရင်းသီးအတွက် စံနှုန်းများကို ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ပြင်ဆင်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ အစိုးရသည် ပို့ကုန်လုပ်ငန်းရှင်များအကြား ယှဉ်ပြိုင်မှုကို ထိန်းသိမ်းရန်နှင့် ဒူးရင်းသီး ပို့ကုန်၏ အရည်အသွေးကို ထိန်းသိမ်းရန်အတွက် ကုန်စည်ဆိုင်ရာ စံနှုန်းများကို ထုတ်ပြန်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

ဒူးရင်းသီး ပို့ကုန်၏ အရည်အသွေးကို ထိန်းသိမ်းရန်နှင့် မမှည့်သေးသော သို့မဟုတ် အရည်အသွေးမမီသော ဒူးရင်းသီးများကို ရောင်းချနိုင်ရေး ခူးဆွတ်မှုမှ ကာကွယ်ရန်အတွက် ဒူးရင်းသီး စံနှုန်းများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအဆင့် စည်းမျဉ်း (မူကြမ်း) တင်ပြရန် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနကို လမ်းညွှန်ထားကြောင်း၊ စည်းမျဉ်းအရ ဒူးရင်းသီးကို ထုပ်ပိုးရမည်ဖြစ်ပြီး အရည်အသွေး စံနှုန်းများတွင် ဒူးရင်းသီးအသားအလေးချိန်သည် Monthong တွင် ၃၂ ရာခိုင်နှုန်း၊ Chanee တွင် ၃၀ ရာခိုင်နှုန်းနှင့် Kra Dum တွင် ၂၈ ရာခိုင်နှုန်းစသည်ဖြင့် အမျိုးအစားအလိုက် အနိမ့်ဆုံးသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်ဟု ဝန်ကြီးချုပ်က လမ်းညွှန်ထားကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က  ထပ်ဆင့် ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ထိုင်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် ထိပ်တန်းဒူးရင်းသီး တင်ပို့သူဖြစ်သည့် အားလျော်စွာ နိုင်ငံ၏ ဒူးရင်းသီး တင်ပို့သူများအကြား အရည်အသွေးနှင့် ယှဉ်ပြိုင်မှုကို ထိန်းသိမ်းရန်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဒူးရင်းသီးပို့ကုန်မှ ဝင်ငွေ ဘတ် ၁၂၀ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ ယခင်နှစ်က ဒူးရင်းသီးတင်ပို့ခဲ့မှုသည် တန်ချိန် ၉၀၀,၀၀၀ ဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံသို့ဖြစ်ကြောင်း၊ ယခုနှစ်တွင် တရုတ်၏ ဝယ်လိုအားသည် တန်ချိန် ၁ သန်းထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဒူးရင်းသီးကို ၄၂၄,၇၂၉ ရိုင်အထိ တိုးချဲ့စိုက်ပျိုး လျက်ရှိပါကြောင်း၊ မတ်လမှ ဩဂုတ်လအကြားတွင် ဈေးကွက် အတွင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး အထွက်နှုန်းအမြင့်ဆုံးအချိန်မှာ မေလဖြစ်ကြောင်း သိရှိရပါသည်။

အယ်လ်နီညိုအပါအဝင် ပြင်းထန်ရာသီဥတုများ၏ သက်ရောက်မှုကြောင့် ဒူးရင်းသီး အပွင့်နှုန်း ကျဆင်းပြီး အပွင့်ကြွေကျမှုများဖြစ်ပွားခဲ့ပြီး အထူးတန်းဒူးရင်းသီးအမယ်တွင် အထွက်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံထိ ရရှိရန် ခန့်မှန်းထားပါကြောင်း၊ ထိုင်းလတ်ဆတ်ဒူးရင်းသီး ဝယ်လိုအာ: မြင့်တက်နေသော်လည်း ယှဉ်ပြိုင်ရမည့် ဖိအားများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ကာစီကွန်သုတေသန စင်တာက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော ထိပ်တန်းပို့ကုန်သီးနှံတစ်မျိုးဖြစ်သည့် ဒူးရင်းသီး၏ အရည်အသွေးနှင့်ယှဉ်ပြိုင်စွမ်းအားကို ထိန်းထားနိုင်ရေးအတွက် ထိုင်းအစိုးရက စည်းမျဉ်းများ ချမှတ်ဆောင်ရွက်သွားမည့် အစီအစဉ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

Source: www.bangkok.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand