Korea

ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် တောင်ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသွားရောက်လေ့လာ

Last Updated:

တောင်ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ တတိယမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့်အပြင် အရှေ့တောင်အာရှတွင် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသည့် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဆောင်ရွက်သွားရန် ကြိုးပမ်းနေကြပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ်ပါသည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား အထောက်အပံ့ကွင်းဆက်ဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြိုင်ဆိုင်မှုများရှိလာသည့်အတွက် တရုတ်နိုင်ငံ ဈေးကွက်အပေါ် မှီခိုအားထားနေရသည့် တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များသည် မသေချာမရေရာမှုများကို ရင်ဆိုင်နေရပါသည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဆောင်ရွက်သွားရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံအပေါ် စိတ်ဝင်စားမှုများနေသည်ကို တောင်ကိုရီးယားနိုင်ငံသမ္မတယွန်ဆုခ်ယော်၏ ဗီယက်နမ်နိုင်ငံသို့သွားသည့် ခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံမှ ထိပ်တန်းလုပ်ငန်းစုကြီး (၄) ခုအပါအဝင် စီးပွားရေးလုပ်ငန်းအကြီးအကဲ (၂၀၀) ကျော်လိုက်ပါသွားရောက်ခဲ့သည်ကို ကြည့်ခြင်းဖြင့် သိသာနိုင်ပါကြောင်း၊ ခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြသည့် Samsung Electronics ဥက္ကဋ္ဌ Lee Jae-yong၊  SK Group ဥက္ကဋ္ဌ Chey Tae–won၊  Hyundai Motor Group အမှုဆောင် ဥက္ကဋ္ဌ Chung Euisun နှင့် LG Group ဥက္ကဋ္ဌ Koo Kwang-mo တို့သည် ဗီယက်နမ်နိုင်ငံရှိ အခြေအနေအရပ်ရပ်နှင့် စက်ရုံများကို လေ့လာစစ်ဆေးပြီးသည်နှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအသစ်များကို  ကြေညာဖွယ်ရှိသည်ဟု စီးပွားရေးနယ်ပယ်မှ လေ့လာသူများက ခန့်မှန်းထားကြပါသည်။

Samsung Electronics မှ ထုတ်လုပ်သည့် Galaxy စမတ်ဖုန်းထက်ဝက်ကျော်ကို ဗီယက်နမ်နိုင်ငံရှိ စက်ရုံများတွင် ထုတ်လုပ်ပြီး ဗီယက်နမ်နိုင်ငံမှ Galaxy စမတ်ဖုန်းတင်ပို့မှုသည် နိုင်ငံ၏ စုစုပေါင်းတင်ပို့မှု၏ ၅ ပုံ ၁ ပုံ ရှိပါကြောင်း၊ လက်ရှိတွင် ဟနွိုင်းမြို့၌ Samsung Electronics ၏ သုတေသနစင်တာ ရှိနေသည့်အပြင် ထုတ်လုပ်မှုစက်ရုံ (၆) ရုံနှင့် အရောင်းဆိုင်များလည်း ရှိနေပြီး ဖြစ်ပါသည်။

SK Group သည်လည်း ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေပြီး ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးစားသောက်ကုန်၊ အဖျော်ယမကာနှင့် ဖြန့်ဖြူးရေး ကုမ္ပဏီကြီးဖြစ်သည့် Masan Group ၏ ရှယ်ယာ ၉.၅ ရာခိုင်နှုန်းကို ဝယ်ယူထားသည့်အပြင် Vingroup Joint Stock Company တွင်လည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါသည်။ Hyundai Motor သည်လည်း Tan Cang Group နှင့်တွဲ၍ HTMV production joint venture ထူထောင်ထားရှိပြီး ရောင်းအားသည် Toyota ကိုကျော်တက်၍ ၂၀၂၁ ခုနှစ်အထိ ထိပ်တန်းနေရာရခဲ့ပါသည်။ Hyundai Motor သည် Kia ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံ၏ Electric Vehicle (EV) ဈေးကွက်ကို ဝင်ရောက်ရန်လည်း စီစဉ်နေပါသည်။ LG Group သည်လည်း ဗီယက်နမ်နိုင်ငံတွင် စက်ရုံခွဲစုစုပေါင်း ၁၂ ခုရှိနေပြီး ထုတ်လုပ်မှုလိုင်းများတိုးချဲ့ရန် ၂၀၂၈ ခုနှစ် နောက်ဆုံးထား၍ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။

 

Source: https://www.koreatimes.co.kr/w ww/tech/2023/06/129_353494.html    

စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ

Category: Korea