China (HongKong)

ဟောင်ကောင်ဒေသ ကမ္ဘာပေါ်တွင် ယှဉ်ပြိုင်နိုင်မှုအရှိဆုံးဒေသ အဆင့် ၇ သို့ ရောက်ရှိ

Last Updated:

ဟောင်ကောင်ဒေသသည် နှစ်စဉ်ထုတ်ပြန်သည့် IMD World Competitiveness Ranking (WCR) တွင် ကမ္ဘာပေါ်တွင် ယှဉ်ပြိုင်နိုင်မှုအရှိဆုံး ဒေသများတွင် အဆင့် ၇ သို့ ရောက်ရှိသွားပြီး ယခင်နှစ်ကထက် အဆင့် ၂ ဆင့် ကျဆင်းသွားခဲ့ကြောင်း hong kong business သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် “Hong Kong ranks 7th in list of world’s most competitive economies” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ထိုသို့ အဆင့်သတ်မှတ်ရန် စိစစ်သည့် နယ်ပယ် ၄ ရှိပြီး ၎င်းတို့မှာ (က) စီးပွားရေးစွမ်းဆောင်ရည် (Economic Performance)၊ (ခ) အစိုးရ၏လုပ်ကိုင်နိုင်စွမ်း (Government Efficiency)၊ (ဂ) စီးပွားရေးလုပ်ငန်းများ၏ လုပ်ကိုင်နိုင်စွမ်း (Business Efficiency) နှင့် (ဃ) အခြေခံအဆောက်အဦ (Infrastructure) တို့ဖြစ်ပါသည်။ IMD မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ဟောင်ကောင်ဒေသသည် အစိုးရ၏လုပ်ကိုင်နိုင်စွမ်းနှင့် အခြေခံအဆောက်အဦတွင် ဒုတိယအဆင့်ရရှိခဲ့ကြောင်းနှင့် ပြီးခဲ့သောနှစ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများ၏ လုပ်ကိုင်နိုင်စွမ်းတွင် အနည်းငယ်ကျဆင်းသွားကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တစ်နိုင်ငံစနစ်နှစ်မျိုး ကျင့်သုံးမှုအရ ထူးခြားသည့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အားသာချက်များဖြင့် အထောက်အပံ့ပြုထားသည်ဟု ဟောင်ကောင်ဒေသအစိုးရက ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသသည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နိုင်ငံ၏ 14th Five-Year Plan၊ မဟာပင်လယ်ကွေ့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် the Belt & Road Initiative တို့မှ ရရှိလာသည့် အခွင့်အလမ်းများဖြင့် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ နေထိုင်မှုဘဝ တိုးမြှင့်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)