Germany

ဂျာမန်အစိုးရအနေဖြင့် ဘတ်ဂျက်အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

Last Updated:

ဂျာမန်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ၁၅-၁၁-၂၀၂၃ ရက်တွင် ချမှတ်ခဲ့သော စီရင်ချက်သည် ဝန်ကြီးချုပ် Mr.Olaf Scholz နှင့် ၎င်း၏ ဖက်ဒရယ်အစိုးရအတွက် နိုင်ငံရေးအရ ကြီးမားသော ပေါက်ကွဲမှုသဖွယ်ဖြစ်ခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်နိုင်ရေးကိစ္စအတွက် ရည်ရွယ်ထားသော ယူရိုဘီလီယံ ၆၀ ကို ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အစားထိုးခွဲဝေမပေးနိုင်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ခုံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် အပူပေးခြင်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်ခြင်း၊ ရထားလမ်းများတိုးချဲ့ခြင်း သို့မဟုတ် စွမ်းအင်အတွက် ကုန်ကျစရိတ်များကို ထောက်ပံ့ပေးခြင်းတို့ ကဲ့သို့သောဆောင်ရွက်ချက်များကို လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ ကပ်ရောဂါအတွက် လျာထားငွေမှာ လိုအပ်သည်ထက် ပိုမိုများပြားနေသည့်အတွက် အစိုးရက မျှော်မှန်းထားသော ရာသီဥတုပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်သည့် project များအားလုံးအတွက် လက်ရှိစီစဉ်ထားသည့်အတိုင်း ရန်ပုံငွေရရှိနိုင်မည် မဟုတ်တော့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် လက်ဝဲယိမ်းဆိုရှယ်ဒီမိုကရက်များ (SPD) ဦးဆောင်သော Greens ပါတီနှင့် FDP တို့ ပါဝင်သည့် လက်ရှိညွန့်ပေါင်းအစိုးရ အာဏာရလာပြီး များမကြာမီတွင် ကျန်ရှိနေသော ထောက်ပံ့ကြေး ခွင့်ပြုထားငွေများကို ရာသီဥတုပြုပြင်ပြောင်းလဲမှု ရန်ပုံငွေသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါသည်။ ယင်းရန်ပုံငွေကို အဆောက်အဦးများ၌ စွမ်းအင်သက်သာ၍ စွမ်းဆောင်ရည်ရှိစေရေး ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့် လျှပ်စစ်စွမ်းအင်သုံး project များအတွက် သာမက ဂျာမနီနိုင်ငံ၏ ရထားလမ်းများ ပိုမိုခေတ်မီစေရေး ဆောင်ရွက်ရာတွင်ပါ အသုံးပြုမည်ဖြစ်ပါသည်။

အဆိုပါရန်ပုံငွေသည် ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော debt brake ဟု အမည်ရသည့်  ကြွေးမြီဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်ရာရောက်သဖြင့် ဤရန်ပုံငွေအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ဟု ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ ကြွေးမြီဆိုင်ရာ စည်းမျဉ်းတွင် အမည်ခံနိုင်ရုံသာမဆိုစလောက်ရှိသော ဂျီဒီပီ၏ ၀.၃၅ ရာခိုင်နှုန်းခန့်သာ နှစ်စဉ်ကြွေးမြီအသစ်အနေဖြင့် ဖက်ဒရယ်အစိုးရအတွက်နှင့် ဂျာမနီ၏ ဒေသတွင်းပြည်နယ်များအတွက် ဘဏ်တွင်ရှိသင့်ကြောင်း ကန့်သတ်ဖော်ပြထားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်သည် အတိုက်အခံ CDU/ CSU ပါတီများ၏ တရားစွဲဆိုမှုအရ ထွက်ပေါ်လာခြင်းဖြစ်သဖြင့် အဆိုပါ ပါတီများမှ လွှတ်တော်အမတ်များအနေဖြင့် ဝမ်းမြောက်အောင်ပွဲခံလျက်ရှိသည်။

ဥရောပသမဂ္ဂ၏ Maastricht သဘောတူညီချက်စာချုပ်တွင် နိုင်ငံတစ်ခု၏ကြွေးမြီနှင့် GDP အချိုးသည် ၆၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရဟု သတ်မှတ်ချက်တစ်ခုရှိထားသဖြင့် ယင်းအချက်အား ပိုမိုသေချာစေရေးအတွက် ဂျာမနီသည် ဥရောပသမဂ္ဂ၏ ငွေရေးကြေးရေး အကျပ်အတည်းများအပြီးတွင် ၎င်း၏ ၂၀၀၉ အခြေခံဥပဒေ၌ အဆိုပါစည်းမျဉ်း (Debt Brake) ကို ထည့်သွင်းရေးသားခဲ့ပါသည်။ သို့ရာတွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာပြီး ၎င်းအားရင်ဆိုင်ကျော် လွှား‌နေရချိန်၌ အရေးပေါ်ခြွင်းချက်တစ်ရပ်အနေဖြင့် ကြွေးမြီစည်းမျဉ်းများအား ဆိုင်းငံ့ထားခဲ့ပါသည်။

ဝန်ကြီးချုပ်၏ SPD ပါတီအနေဖြင့် နိုင်ငံ၏ဝန်ထုပ်ဝန်ပိုးကို အပြည့်အဝ ထမ်းဆောင်ပေးခဲ့သည်ဟု ၎င်းတို့အပေါ်ယုံကြည်မှုရှိသော ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိ မဲဆန္ဒရှင်များကို ငွေရေးကြေးရေးအရ အကာအကွယ်ပေးလိုသည့်အတွက် အခွန်အခ တိုးမြှင့်ကောက်ခံလိုမှုရှိကြောင်း သိရှိရသည်။

ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner ကလည်း အခွန်တိုးမြှင့်ကောက်ခံရေးသည် ၎င်း၏ FDP ပါတီအတွက် လက်ခံနိုင်သည့်လုပ်ရပ်မဟုတ်ဟု ခံယူထားသဖြင့် Debt Brake အဆုံးသတ်မှုကို မလိုလားကြောင်း၊ FDP အနေဖြင့် ၎င်း၏ ဘတ်ဂျက်ဖြတ်တောက်မှု နည်းလမ်းများကို ဆက်လက်ထိန်းသိမ်းထားပြီး Green ပါတီ၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကိုလည်း ၎င်းအနေဖြင့် ပုံကြီးချဲ့နေသည်ဟု ထင်မြင်ယူဆမိကြောင်းနှင့် လူမှုရေးအသုံးစရိတ်များကို လျှော့ချရန် ယခုပင်အကြံပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

Mr. Lindner ကြိမ်ဖန်များစွာ ပြောခဲ့သည့်အတိုင်းပင် FDP အနေဖြင့် Debt Brake နှင့် ပတ်သက်၍ ထိပါးဆောင်ရွက်မှု မည်သည့်အရာကိုမဆို ငြင်းဆိုမည်ဖြစ်ကြောင်း၊ မည်သို့ပင် ဆိုစေကာမူ ယန္တရားတစ်ခုပြောင်းလဲနိုင်ရေးအတွက် လွှတ်တော်တွင် သုံးပုံနှစ်ပုံဆန္ဒမဲရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အတိုက်အခံဖြစ်သော CDU-CSU သည် Debt Brake ကို အခိုင်အမာ ကျောထောက်နောက်ခံပြုထားသည့်အတွက် ယင်းသည် လတ်တလောတွင် Debt Brake ကို ဆန့်ကျင်မည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြီးစဉ်ကတည်းက ၎င်းပါတီကို ထောက်ခံသော မဲဆန္ဒရှင်များ၏ ထောက်ခံအားပေးမှု လျော့ပါးသွားခြင်းမရှိသော တစ်ခုတည်းသောပါတီဖြစ်သည့် Green ပါတီသည် အဖိုးတန်သောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရေး ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့၏အစီအစဉ်များကို ငွေကြေးထောက်ပံ့ပေးနိုင်ရေးအတွက် ကြွေးမြီအသစ်များ ထပ်မံရယူရန် ဆန္ဒရှိနေကြပါသည်။

ဂျာမနီ၏ သုံးပါတီညွန့်ပေါင်းအစိုးရအဖွဲ့သည် ဦးတည်ချက်တစ်ခုတည်းဖြင့် ရှေ့သို့ချီတက် နေခြင်းမဟုတ်သည်မှာ ထင်ရှားနေသော်လည်း ဝန်ကြီးချုပ် Scholz ကမူ ရဲရင့်သော ဟန်ပြသရုပ်ဖော်ဆောင် ၍ ညွန့်ပေါင်းအစိုးရအဖွဲ့အနေဖြင့် မှန်ကန်သော အကြံပြုချက်များပေးရာတွင် အောင်မြင်မှုရရှိမည်ဟု ၎င်းအနေဖြင့် ယုံကြည်နေဆဲဖြစ်ကြောင်း ပါလီမန်အား ပြောကြားခဲ့ပါသည်။

သို့သော်လည်း မဲဆန္ဒရှင်များအကြားတွင် အစိုးရအပေါ် ထောက်ခံမှုအဆင့်သည် အောက်ခြေအထိ ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲအသစ် ကျင်းပမည်ဆိုပါက ပါတီသုံးခုစလုံးကို ထိခိုက်စေနိုင်ဖွယ်ရှိနေပြီး  SPD၊ Greens နှင့် FDP တို့ကမူ မြင်တွေ့နိုင်ဖွယ် အလားအလာမရှိသော အဖြေတစ်ရပ်ကို ရရှိနိုင်ရန် ကြိုးပမ်းရှာဖွေလျက်ရှိပါသည်။

 

 

Source:         https://www.dw.com/en/german-government-faces-budget-crisis/a-67487625

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany