Vietnam

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စံချိန်သစ်တင်နိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ပြန်လည်ကျဆင်းသွားနိုင်ဖွယ်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန်စုစုပေါင်း ၉ သန်းအထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ဆန်တင်ပို့မှုမှ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံအထိ ရရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၁ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Viet Nam News အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုပြန်လည်တိုးမြှင့်လာခြင်းနှင့်အတူ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုမှာ ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိကြောင်း ဗီယက်နမ်နိုင်ငံစားနပ်ရိက္ခာအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Nguyen Ngoc Nam ၏ ပြောကြားချက်အရ သိရှိရပါသည်။

Mr. Nam မှ ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၉ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး တစ်တန်လျှင် ပျမ်းမျှပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၆၀၀ ကျော်ထိ စံချိန်တင်ရရှိခဲ့ကြောင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ ၂၀၂၄ ခုနှစ်အတွင်း ဆန်တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်တင်ပို့မှု တတိယအများဆုံး တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် စုစုပေါင်း ၃.၆ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသို့ ဒုတိယအများဆုံးတင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း အရည်အသွေးမြင့်မား၍ တန်ဖိုးမြင့်ဆန်များကိုသာ ပိုမိုတိုးမြင့်တင်ပို့ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုကန့်သတ်ချက်ဖြေလျှော့ခြင်းကြောင့် ဆန်တင်ပို့မှုဈေးကွက်အတွင်း ပြိုင်ဆိုင်မှုများပိုမိုမြင့်တက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၂၂ သန်းခန့် တင်ပို့လာနိုင်ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၅ သန်းအထိ တိုးမြင့်တင်ပို့လာနိုင်သဖြင့် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုဈေးကွက်များအပေါ် သက်ရောက်နိုင်ဖွယ်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုတိုးမြင့်လာခြင်းကြောင့် ဗီယက်နမ်ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ၁၇ ဒေါ်လာအထိ ကျဆင်းသွားခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက် ဖြေလျှော့လိုက်သဖြင့် ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဝယ်လိုအား အပြောင်းအလဲများဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု တိုးမြှင့်လာသည်နှင့်အမျှ ဆန်တင်ပို့လျက်ရှိသော နိုင်ငံများအနေဖြင့် ဆန်ဝယ်လိုအားကျဆင်းနိုင်ဖွယ်ရှိပြီး ဆန်တင်ပို့မှု ပြန်လည်ကျဆင်းနိုင်သည့်အတွက် ပြည်တွင်းဆန်ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းရှင်များအနေဖြင့် ပြောင်းလဲလျက်ရှိသောဈေးကွက်များအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်၍ ဆန်တင်ပို့မှုတိုးမြှင့်ရေး ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

Source: Viet Nam News

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam