Thailand

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “STYLE Bangkok 2023” ကို ကြေညာခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ လူနေမှုပုံစံနှင့် ဖက်ရှင် ကဏ္ဍအတွက် ကမ္ဘာနှင့်အဝှမ်း ကုန်သွယ်ရေး ယှဉ်ပြိုင်မှု တိုးမြှင့်ရန် ရည်ရွယ်၍

၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် Queen Sirikit National Convention Center (QSNCC) ၌ ကျင်းပခဲ့သည့် “STYLE Bangkok 2023” တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးချုပ် Mr. Jurin  Laksanawisit က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ “STYLE Bangkok” သည် အာရှ၏ ဦးဆောင်နေသော လူနေမှုပုံစံသုံး ပစ္စည်းများကို ပြသသည့် ကုန်စည်ပြပွဲဖြစ်ပြီး ထိုင်းတံဆိပ်များအကြား ရေပန်းစားနေသော လူနေမှုပုံစံသုံးပစ္စည်းများနှင့် ဖက်ရှင်အသစ်များကို ပြသရန်ရည်ရွယ်ပါသည်။ ၎င်းအပြင် ထိုင်းအသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းသေးများကို နိုင်ငံတကာသို့ ထိုးဖောက်ယှဉ်ပြိုင်နိုင်မှု အားကောင်းစေရေးအတွက် ဖြစ်ပါသည်။  ယခုနှစ်တွင် ကုမ္ပဏီ ၅၀၀ ကျော်နှင့် ပြခန်း ၁၀၀၀ ကျော်ပါဝင်ပြသခဲ့ကြပြီး ထိုင်းဘတ် ၁.၄ ဘီလီယံကျော် ဝင်ငွေရရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် Mr. Jurin နှင့် အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano၊ အတွင်းဝန် Mr. Buntee Parnichprapai၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Phusit Ratanakul Sereroengrit၊ ထိုင်းနိုင်ငံ ကုန်သွယ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ Mr. Sanan Angubolkul နှင့် သံအမတ်ကြီးများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်တက် ရောက်ခဲ့ကြသည်။

ကိုဗစ်အခြေအနေများကြောင့် ၃ နှစ်ဆက်တိုက် အကျဉ်းချုံးကျင်းပခဲ့ရာမှ ၆ ကြိမ်မြောက်အဖြစ် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနနှင့်ထိုင်းနိုင်ငံ ကုန်သွယ်ရေးဘုတ်အဖွဲ့တို့ ပူးပေါင်းဦးဆောင်မှုဖြင့် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းပြည်၏ စီးပွားရေးနှင့် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို မောင်းနှင်ရာတွင် လူနေမှုပုံစံနှင့် ဖက်ရှင်ပစ္စည်းများသည် အဓိကအရေးပါသော အခန်းကဏ္ဍဖြစ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပထမအချက်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများနှင့် သေးငယ်သောလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ပြည်သူအနည်းဆုံး ၁ သန်းအတွက် အလုပ်အကိုင်ပေးထားပါကြောင်း၊ တတိယအချက်အနေဖြင့် ထိုင်းနိုင်ငံအတွက် ဝင်ငွေကို ပမာဏများများထိ ရှာပေးနိုင်ပါကြောင်း Mr. Jurin က ပြောကြားပါသည်။

ပို့ကုန်အနေဖြင့်ကြည့်မည်ဆိုပါက ၂၀၂၂ ခုနှစ်တွင် တိုင်းပြည်အတွက် ဘတ်ငွေ ၄၅၀ ဘီလီယံခန့်ထိ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ စာရင်းအရ ၁၆.၅ ရာခိုင်နှုန်းထိ တိုးမြင့်လာပါကြောင်း၊ အားလုံးကို ခြုံကြည့်မည်ဆိုပါက ထိုင်းဘတ် ၃၀ ဘီလီယံကို ယခု ဆောင်ရွက်ချက်များမှ  တဆင့်ရရှိပါကြောင်း၊ အဓိကဈေးကွက်များအနေဖြင့် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံနှင့် အခြားသော နိုင်ငံအများအပြား ဖြစ်ပါကြောင်း၊ စတုတ္ထအချက်အနေဖြင့် ထိုင်း၏ လူနေမှုပုံစံနှင့် ထုတ်ကုန်များသည် ကမ္ဘာ့အဆင့် အသိအမှတ်ပြုသော အရည်အသွေးမီ ပစ္စည်းများဖြစ်သဖြင့် ၎င်းတို့၏ ထင်ရှားသော ဒီဇိုင်းနှင့် ထိုင်းအမှတ်တံဆိပ်တို့သည် ပေါ်လွင်နေသဖြင့် ကျေးဇူးတင်ပါ ကြောင်း၊ ထိုင်းနိုင်ငံအတွက် ဝင်ငွေများစွာရရှိစေနိုင်မည့် ခေတ်ပြိုင်ပျော့ပျောင်းသော စွမ်းအားဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံသည် လူနေမှုပုံစံနှင့် ဖက်ရှင်ပစ္စည်းများ၏ အချက်အချာဖြစ်သော ဒေသဖြစ်စေရန် ရည်ရွယ်ထားပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

 

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.com

Category: Thailand