China (HongKong)

ရေနံနှင့်ဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ ပြောကြား

Last Updated:

အီရန်နိုင်ငံအနေဖြင့် ၎င်း၏ရေနံလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ အထူးသဖြင့် OPEC+ ရေနံထုတ်လုပ်သူများကို ကြိုဆိုကြောင်း အီရန်ရေနံဝန်ကြီးဌာန ပြီးခဲ့သည့်သတင်းပတ်ကုန်ပိုင်းတွင် ပြောကြားခဲ့ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံဘက်မှ အီရန်တွင်ရင်းနှီးမြှုပ်နှံမှု လျှင်လျှင်မြန်မြန် စတင်နိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ဆော်ဒီအာရေဗျနှင့်အီရန်တို့သည် သံတမန်ဆက်ဆံရေးပြန်လည်စတင်ပြီး သံရုံးများနှင့် အဖွဲ့ရုံးများ ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြကြောင်း ဘေဂျင်းတွင် ဆော်ဒီ-အီရန်တို့အကြားဆွေးနွေးမှုအပြီး ယခုလအစောပိုင်း တွင်ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင်ဆော်ဒီအာရေဗျ၊ အီရန်နှင့် တရုတ်တို့မှ ဖော်ပြထားသည်။

ဆော်ဒီအာရေဗျနှင့် အီရန်ကြား အကွဲအပြဲသည် မကြာသေးမီနှစ်များအတွင်း၌သာမက ဆယ်စုနှစ်များအတွင်း အရှေ့အလယ်ပိုင်း၏ဒေသတွင်း နိုင်ငံရေးကို ပုံဖော်ခဲ့သည်။

နှစ်နိုင်ငံလုံးသည် ရေနံအများဆုံးထုတ်လုပ်သည့် အိုပက်အဖွဲ့ဝင်နိုင်ငံများဖြစ်သော်လည်း အီရန် နိုင်ငံ၏ ထုတ်လုပ်မှုမှာ ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းသွားခဲ့ပါသည်။ ထိုအချိန်တွင် အမေရိကန်သမ္မတဖြစ်သူဒေါ်နယ်ထရမ့်က အီရန်နယူးကလီးယားသဘောတူစာချုပ်မှ နှုတ်ထွက်ခဲ့ပြီး အီရန်၏ရေနံလုပ်ငန်းနှင့်ပို့ကုန်များအပေါ် ပိတ်ဆို့အ‌ရေးယူမှုများချမှတ်ခဲ့ပါသည်။ အိုပက်အဖွဲ့၏ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျအနေ ဖြင့်လည်း ရုရှားနိုင်ငံနှင့် အိုပက်+ ရေနံထုတ်လုပ်မှုခွဲတမ်းများ (quotas) သဘောတူစာချုပ်ချုပ်ထားပါသည်။ ပိတ်ဆို့ အရေးယူမှုများကြောင့် အီရန်နိုင်ငံသည် အဆိုပါ quotas မှကင်းလွတ်ခွင့်ရရှိထားပါသည်။

အီရန်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များ ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး ရေနံလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူအသစ်များအတွက် ထိုက်တန်သည့်အကျိုးအမြတ်ရရှိနိုင်မှာ ဖြစ်သောကြောင့် ကမ္ဘာ့စွမ်းအင် လုံခြုံရေးကို အာမခံနိုင်ရေးအတွက် ရေနံနှင့်ဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပုံစံမျိုးစုံကို ကြိုဆိုကြောင်း၊ အထူးသဖြင့် OPEC+ ရေနံထုတ်လုပ်သူများကို ကြိုဆိုကြောင်း အီရန်ရေနံဝန်ကြီးဌာနမှ တနင်္ဂနွေနေ့ တွင် ထုတ်ပြန် သည့်ကြေညာချက်တွင် ဖော်ပြထားပါသည်။

သဘောတူညီချက်များကို လေးစားလိုက်နာမည်ဆိုပါက အီရန်တွင် ရင်းနှီးမြှုပ်နှံခြင်းတွင် အတားအဆီးတစုံတရာမတွေ့ဘဲ ဆော်ဒီအတွက် အခွင့်အလမ်းအများအပြားရှိကြောင်း ဆော်ဒီဘဏ္ဍာရေးဝန်ကြီး Mohammed Al-Jadaan က ပြီးခဲ့သော သီတင်းပတ်၌ ပြောကြားခဲ့ပါသည်။

စွမ်းအင်ကဏ္ဍ၏ စီးပွားရေးအခြေခံအုတ်မြစ်များတွင် နိုင်ငံရေးနှင့် တရားရေးအရစွက်ဖက်ခြင်းအပါအဝင် အဟန့်အတားများရှိခြင်းသည် ပါဝင်လုပ်ကိုင်သူများအတွက် အကျိုးမဲ့ (lose-lose game) ဖြစ်စေပြီး ကမ္ဘာ့စွမ်းအင် ဈေးကွက် လုံခြုံစိတ်ချရမှုပေးစွမ်းနိုင်ခြင်းနှင့် စွမ်းအင်းရှားပါးပြတ်တောက်ခြင်းကို ကူညီဖယ်ရှားနိုင်မှုအတွက် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းနှင့် စွမ်းအင်ဈေးကွက်တည်ငြိမ်ရေးအတွက် နိုင်ငံရေးအရဝင်ရောက်စွက်ဖက်မှု ကို ဖယ်ရှားပစ်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး ၊ဟောင်ကောင်)

Category: China (HongKong)