Vietnam

ဗီယက်နမ်နိုင်ငံသည် စင်ကာပူနိုင်ငံသို့ ဆန်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်လာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမသုံးလအတွင်း စင်ကာပူဒေါ်လာ ၃၆.၁၅ သန်း (အမေရိကန်ဒေါ်လာ ၂၆.၅၅ သန်း) တန်ဖိုးရှိ ဆန်တင်ပို့နိုင်ခဲ့ကြောင်း၊ စင်ကာပူနိုင်ငံသို့ ဆန်အများဆုံး တင်ပို့လျက်ရှိသည့် အိန္ဒိယနှင့် ထိုင်းတို့ကို ကျော်လွန်ကာ ၈၀.၄၆ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် စျေးကွက်ဝေစု၏ ၃၂.၀၃ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏နောက်တွင် ထိုင်းနိုင်ငံမှ ဆန်ပို့ကုန် တန်ဖိုး စင်ကာပူဒေါ်လာ ၃၃.၆၃ သန်းဖြင့် ဒုတိယနေရာတွင် ရှိနေပြီး အိန္ဒိယမှ ဆန်ပို့ကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၃.၁၆ သန်းဖြင့် တတိယနေရာတွင် ရှိနေပါသည်။ ပုံမှန်တင်ပို့နေသည့် ဆန်လုံးညိုနှင့် ဆန်ဖြူတင်ပို့မှုတန်ဖိုး ကျဆင်းခဲ့သော်လည်း ကောက်ညှင်းဆန်နှင့် အခြားဆန်အမျိုးအစားများ၏ တင်ပို့မှု သိသိသာသာ မြင့်တက်လာခဲ့သည်။ အဆိုပါဆန်များတွင် ကောက်ညှင်းဆန် တန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ ၃.၇၉ သန်း၊ ကြိတ်ခွဲထားသောဆန် (သို့မဟုတ်) ရနံ့မွှေးသောဆန် စင်ကာပူဒေါ်လာ ၁၈.၀၆သန်း၊ ဆန်ကွဲ တန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ ၅၇၅,၀၀၀  အသီးသီးတင်ပို့ခဲ့ကြသည်။

စင်ကာပူတွင် အကြီးဆုံး ဆန်ဈေးကွက်ဝေစုရရှိခဲ့သည့် ဗီယက်နမ်နိုင်ငံ၏ အဓိကအောင်မြင်မှုသည် အစဉ်အလာကောင်းသည့် ဆန်ဖြူတင်မကပဲ အခြားထုတ်ကုန်အုပ်စု ၂ ခု ဖြစ်သည့် ကောက်ညှင်းဆန်နှင့် ဆန်မွှေးများ တိုးပွားလာခြင်းကြောင့်ဖြစ်သည်။ ၎င်းအချက်မှာ ဗီယက်နမ်သည် ထိုင်းနှင့် အိန္ဒိယတို့ကို ကျော်တက်ကာ စင်ကာပူတွင် ဆန်ဈေးကွက်ဝေဟု အကြီးမားဆုံးနိုင်ငံဖြစ်လာစေရန် ကူညီပေးခဲ့ကြောင်း အဆိုပါရုံးမှ အခိုင်အမာပြောကြားခဲ့သည်။

ကုန်သွယ်ရေးရုံး၏အဆိုအရ ထိုင်း၊ အိန္ဒိယနှင့် ဂျပန်တို့သည် စင်ကာပူရှိ ဗီယက်နမ်၏ အဓိက ပြိုင်ဘက်များဖြစ်ပြီး အိန္ဒိယ၏ ဆန်တင်ပို့မှုကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ပိတ်ပင်လိုက်ခြင်းကြောင့် ဗီယက်နမ်အတွက် စင်ကာပူတွင် စျေးကွက်ဝေစုတိုးလာစေရန် အခြေအနေကောင်းများ ဖန်တီးပေးခဲ့ကြောင်း သိရှိရပါသည်။

သို့ရာတွင် ဗီယက်နမ် ဆန်တင်ပို့သူများသည် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဆန်အရည်အသွေးကိုမြှင့်တင်ရန် ကုန်သွယ်ရေးရုံးကအကြံပြုထားပြီး အလားအလာရှိသော ဈေးကွက်တွင် ဗီယက်နမ်ဆန်ပါဝင်မှု တိုးမြင့်လာစေရန်အတွက် အဆိုပါရုံးအနေဖြင့် ပြပွဲများကို ပိုမိုကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံသည် ယခုနှစ် ပထမသုံးလတွင် စင်ကာပူဒေါ်လာ ၁၁၂.၉ သန်းနီးပါး ဆန်တင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၃.၈၆ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအင်းနှင့် ကော်ပိုရိတ်အာဏာပိုင်အဖွဲ့ (ACRA) ၏ စာရင်းများအား ကိုးကားဖော်ပြခဲ့သည်။

ဗီယက်နမ်သည် ထိပ်တန်းဆန်တင်ပို့သည့် နိုင်ငံအဖြစ် စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းနိုင်စေရန်အတွက် ဝန်ကြီးဌာနများ၊ ကဏ္ဍများ၊ ဒေသများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများအားလုံး ဗီယက်နမ် ဆန်ထွက်ကုန်နှင့် အမှတ်တံဆိပ်များ မြှင့်တင်ရေးတွင် လက်တွဲဆောင်ရွက်သင့်ကြောင်းလည်း ဖော်ပြထားပါသည်။

ထို့အပြင် ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့ကြား ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် ဗီယက်နမ်နိုင်ငံ၏ နံပါတ် (၁) ဆန်တင်သွင်းသူ အနေအထားကို ဆက်လက်ထိန်းသိမ်းရန် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

စင်ကာပူသို့ ဗီယက်နမ်ဆန်တင်ပို့မှုအောင်မြင်မှုသည် ဆန်ထွက်ကုန်များ အထူးသဖြင့် အထူးဆန်မျိုးကွဲများ ကြီးထွားမှုအားကောင်းခြင်းကြောင့်ဟု ယူဆနိုင်ပါသည်။ စင်ကာပူကဲ့သို့သော အဓိကဈေးကွက်များနှင့် မိတ်ဖက်များတိုးပွားလာခြင်းသည်လည်း ဗီယက်နမ်ဆန်၏ ဦးဆောင်မှုနေရာကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်မည့်အချက်များဖြစ်ကြောင်း သုံးသပ်ရပါ သည်။

ထို့အပြင် ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့အကြား ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ကုန်သွယ်မှု ဆက်ဆံရေးမြှင့်တင်ရန်နှင့် ဗီယက်နမ်၏ ဒေသတွင်း ထိပ်တန်းဆန်  တင်သွင်းသူအဖြစ် ရပ်တည်ချက်ရရှိရန် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။ အချုပ်အားဖြင့် ဆန်တန်ဖိုးကွင်းဆက်သစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်းသစ်တီထွင်သော စိုက်ပျိုးရေး အလေ့အကျင့်များသည် ဗီယက်နမ်၏ ဆန်တင်ပို့မှုကဏ္ဍတွင် ရေရှည်စီးပွားရေးတိုးတက်မှုနှင့် တည်ငြိမ်ရေးကို အထောက် အကူဖြစ်စေကြောင်း တင်ပြအပ်ပါသည်။

 

 

Source: Viet Nam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam