Vietnam

Vinfast မှ US တွင် EV(Electric Vehicle) စက်ရုံဖွင့်လှစ်မည်

Last Updated:

ဗီယက်နမ်လုပ်ငန်းစုကြီး Vingroup ၏ လက်အောက်ခံကားထုတ်လုပ်သည့် Vinfast သည် အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားတွင် လျှပ်စစ်ကား (EV)ထုတ်သည့် စက်ရုံဖွင့်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ က ကြေညာခဲ့သည်။

ယခုကဲ့သို့ ဖွင့်လှစ်မည့် EVစက်ရုံသည် ပြည်နယ်အတွင်း ပထမဆုံး ကားထုတ်လုပ်မည့် စက်ရုံဖြစ်သည်။မြောက်အမေရိကတွင် ယခုလို EV ကားများအသုံးပြုနိုင်ရေးအတွက် ထုတ်လုပ်ပေးမည်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် ကမ္ဘာလုံးဆိုင်ရာ ရွေ့လျားသွားလာမှုတော်လှန်ရေးကို အရှိန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါစက်ရုံကို Chatham မြို့ရှိ Triangle Innovation Point မှာ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ခန့်မှန်းခြေ ဧက ၈၀၀ကျော် ကျယ်ဝန်းပြီး Vinfast အနေဖြင့် တစ်နှစ်ကို ကားအစီး ၁၅၀,၀၀၀ ထုတ်လုပ်နိုင်ရန် စီစဉ်ထားရှိကြောင်း၊ စက်ရုံတွင် ထုတ်လုပ်မှုနှင့် တပ်ဆင်ရေး အပိုင်း ၂ ပိုင်း ပါဝင်မှာဖြစ်ကြောင်း၊ အပိုပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုများအတွက်လည်း ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

ပရောဂျက်အဆင့် ၁ အနေဖြင့် စတင်တည်ထောင်ရန် ခွင့်ပြုမိန့်ရရှိပြီးဖြစ်ကြောင်း၊ စက်ရုံ စတင်လည်ပတ်သည့် အချိန်တွင် အလုပ်ကိုင်သစ်များစွာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Vinfast Auto ၏ CEO ဖြစ်သူ Le Thi Thu Thuy က မြောက်ကာရိုလိုင်းနားရှိ စက်ရုံသည် Vinfast ၏ အဓိကလုပ်ငန်းများမှ တစ်ခုဖြစ်ကြောင်း၊ စက်ရုံစတင်လည်ပတ်ပါက မြောက်အမေရိကဈေးကွက်သို့ Vinfast ၏ EV ကားများကို အဓိက ပံ့ပိုး ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း၊ Chatham ရှိ စက်ရုံ သည် US တွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာစီးပွားရေးကို မြှင့်တင်ပေးရန်နှင့် မြောက်ကာရို လိုင်းနား၏ အနာဂတ် Green mobility Strategy ကိုပံ့ပိုးကူညီရန်အတွက် မျှော်လင့်ကြောင်း ဖော်ပြပါရှိပါသည်။

စက်ရုံအနေဖြင့် ၂၀၂၅ ခုနှစ်ခန့်တွင် စတင်ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။ ပြီးခဲ့သည့်နှစ်က Vinfast သည် ယခု project နှင့်ပတ်သက်၍ မြောက်ကာရိုလိုင်းနား ၏ Incentive package USD 1.2 Billion ရရှိခဲ့ပြီး Sanford ၊ Chatham နှင့် Golden leaf Foundation တို့ထံမှလည်း ငွေကြေးထောက်ပံ့မှုရရှိခဲ့သည်။

Vinfast အနေဖြင့် ကားထုတ်လုပ်သည့် စက်ရုံအပြင် အရံပစ္စည်းများဝယ်ယူရန် စတိုးနှင့်  ဝန်ဆောင်မှုစနစ်တိုးချဲ့ခြင်း၊ အစမ်းမောင်းနှင်မှုများစီစဉ်ခြင်း(Test Drives)နှင့် ၎င်းတို့၏ ထုတ် လုပ်ပစ္စည်းများအား ကာလီဖိုးနီးယားထုတ်ကုန်ပြပွဲများ၌ ပြသခြင်းဖြင့် Vinfast ၏ လုပ်ငန်းနှင့် အမှတ်တံဆိပ်အသိအမှတ်ပြုမှုရရှိအောင် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့သော ကြိုးစားဆောင်ရွက်မှုများမှ Vinfast ၏ EV ကားများကို Customer များအနေဖြင့် တိုက်ရိုက် စမ်းသပ်နိုင်သည့် အခွင့်အရေးများ ရရှိမည်ဖြစ်သည်။

Source : VNS

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam