Thailand

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရွေးချယ်ပြီးနောက် ပုဂ္ဂလိကကဏ္ဍက အစိုးရသစ်အနေဖြင့် ဆောင်ရွက်စေလို သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးပြောကြား

Last Updated:

ထိုင်းနိုင်ငံ၏ ၃၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် Mr. Srettha Thavisin ကို ၂၂-၈-၂၀၂၃ ရက်နေ့က မဲအများဆုံးဖြင့် ရွေးချယ်ပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအသိုင်းအဝိုင်းက ဝန်ကြီးချုပ်အသစ်အနေဖြင့် အစိုးရသစ်ဖွဲ့စည်းရေးကို အမြန်ဆုံးဆောင်ရွက်စေလိုကြောင်း၊ ထိလွယ်ခိုက်လွယ်ရှိသော ပို့ကုန်ကဏ္ဍ၊ မိုးခေါင်မှုနှင့်စပ်လျဉ်းသည့် ဖိအားများနှင့် စီးပွားရေးပြန်လည်ကောင်းမွန်ရေးတို့အပါအဝင် စိန်ခေါ်မှုများစွာကို ဖြေရှင်းပေးစေလိုကြောင်း ထုတ်ဖော်ပြောကြားချက်များအရ သိရှိရပါသည်။

ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က နိုင်ငံ၏ စီးပွားရေးပြန်လည်ကောင်းမွန်စေရေးအတွက် Mr. Srettha ၏ အစိုးရအဖွဲ့သစ်ကို အလိုရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေးကိုမောင်းနှင်မည့် အစိုးရသစ်တစ်ရပ်လိုအပ်နေပြီဖြစ်ကြောင်း၊ ယခုလအတွင်း အစိုးရသစ်ကို အလျင်အမြန် ဖွဲ့စည်းနိုင်မှသာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအတွက် ကောင်းမွန်နိုင်မည်ဖြစ်ကြောင်း အသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kriengkrai က ပြောကြားခဲ့ပါသည်။

အစိုးရသစ်ဖွဲ့စည်းပြီးသည်နှင့်တစ်ပြိုင်နက် ဆောင်ရွက်ရမည့်လုပ်ငန်းများစွာရှိပါကြောင်း၊ ဘတ်ဂျက်ရေးဆွဲရေးနှင့် အိမ်ထောင်စုများ၏ ကြွေးမြီကိစ္စရပ်တို့ဖြစ်ကြောင်း၊ ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် လည်ပတ်စရိတ်နှင့် ဘဏ်များထံမှ ငွေချေးယူ နိုင်ခြင်းမရှိသဖြင့် ဘဏ္ဍာငွေကိစ္စများတွင် အခက်အခဲများရှိကြောင်း၊ အနည်းဆုံးလုပ်ခလစာ မြင့်မားလာခြင်း၊ လျှပ်စစ်ဓာတ်အားခမြင့်တက်လာခြင်းနှင့် ကုန်ကြမ်းအတွက် ကုန်ကျစရိတ်မြင့်မားလာခြင်းတို့သည် SME အတွက် အခက်အခဲများဖြစ်စေကြောင်း ၎င်းကဖြည့်စွက်ပြောကြားပါသည်။ 

ထိုင်းကုန်စည်ပြပွဲအသင်းက အစိုးရသစ်ဖွဲ့စည်းနိုင်ခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအကြား ယုံကြည်မှုကို ဖြစ်စေပါကြောင်း၊ နိုင်ငံအတွက် မူဝါဒများကိုလည်းချမှတ်နိုင်ပါကြောင်း၊ အစိုးရသစ်ဖွဲ့စည်းမှု နောက်ကျနေခြင်းကြောင်း အစိုးရအဖွဲ့အစည်းများအနေဖြင့် ပြပွဲများနှင့် အစည်းအဝေး ပွဲများအတွက် ဘတ်ဂျက်သုံးစွဲမှုတွင် သက်ရောက်မှုရှိကြောင်း အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Ms. Panittha Buri က ပြောကြားခဲ့ပါသည်။

အစိုးရသစ်ဖွဲ့စည်းပြီးနောက် မဟာမိတ်အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အားပျော့လာသော ပို့ကုန်များ၊ မိုးခေါင်မှုနှင့် စီးပွားရေး အခြေအနေများအပေါ် အစိုးရသစ်ကို အာရုံစိုက်စေလိုကြောင်း၊ နိုင်ငံစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုး တက်မှုကောင်စီက မိုးခေါင်မှုနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် စက်တင်ဘာလအတွင်း ပို့ကုန်ကို လျော့နည်း ခန့်မှန်းထားပါကြောင်း၊ တရုတ်စီးပွားရေးနှေးကွေးနေမှုနှင့် ကမ္ဘာ့ဈေးကွက် နှေးကွေးနေမှုတို့ကို ရှင်းလင်းစွာမြင်နေရကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များ ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

လျှပ်စစ်ပစ္စည်းများထုတ်လုပ်သူများကို ကုန်ကြမ်းများ ထောက်ပံ့ပေးနေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ပေးထားသည့် မက်လုံးများနှင့် ခံစားခွင့်များကို အစိုးရသစ်အနေဖြင့် ဆက်လက်ပေးထားမှသာ  ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းအစီအစဉ်များကို ဆက်လက်ရေးဆွဲသွားနိုင်မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းထောက်ပံ့ပေးသည့် SME ကို ထောက်ပံ့ပေးခြင်းဖြင့် ကုမ္ပဏီများကိုလည်း အခွန်ခံစားခွင့်များကို ယခင်ကအတိုင်းပေးစေလိုကြောင်း၊ သို့မှသာ မိမိတို့အနေဖြင့် ပြည်ပမှကုန်ကြမ်းများ တင်သွင်းရန် မလိုအပ်မည်ဖြစ်ကြောင်း Toshiba Thailand Co., ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Ms Kanit Muangkrachang က အကြံပြုပြောကြားခဲ့ပါသည်။

ခရီးသွားရာသီရောက်ရှိလာတော့မည်ဖြစ်သဖြင့် အစိုးရသစ်၏ ဟိုတယ်နှင့်အားကစားဝန်ကြီး ရွေးချယ်ပြီးသွားပါက အသင်းချုပ်အနေဖြင့် လက်ရှိအခြေအနေနှင့် အခက်အခဲများအတွက် အဖြေများကို အဆိုပြုရန်ဆွေးနွေးခွင့် တောင်းခံသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာလအတွင်း အုပ်ချုပ်ရေးစနစ် စတင်သွားမည်ဆိုပါက ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် အစည်းအဝေးများနှင့် မက်လုံးများအတွက် အစိုးရအသုံးစရိတ်အပေါ် တောင်းဆိုသွားမည်ဖြစ်ကြောင်း ထိုင်းဟိုတယ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Ms. Marisa Sukosol Nunbhakdi က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အပြီးသတ်ရွေးချယ်ပြီးနောက် ပုဂ္ဂလိကကဏ္ဍများက အကြံပြုတောင်းဆိုချက် အများအပြားပေါ်ထွက်လာသည်ကို တွေ့ရှိရပါသည်။ ယင်းအကြံပြုချက်များအပေါ် အစိုးရသစ်အနေဖြင့် ထုတ်ပြန်မည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို ဆက်လက်တင်ပြသွားမည် ဖြစ်ပါ ကြောင်း တင်ပြအပ်ပါသည်။

 

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand