Germany

ကိုဗစ်-၁၉ ကပ်ရောဂါသည် ဂျာမန်ခရီးသွားလုပ်ငန်းကို မည်သို့မည်ပုံ ပြောင်းလဲစေခဲ့သနည်း

Last Updated:

ကိုဗစ်-၁၉ ကပ်ရောဂါသည် အချိန်ကာလတစ်ခုအထိ ကြာမြင့်ခဲ့သော်လည်း ဂျာမန်လူမျိုးတို့၏ ခရီးသွားခြင်းအပေါ် ထာဝစဉ်ချစ်မြတ်နိုးသည့် အလေ့အထကိုမူ လျော့ပါးမသွားစေနိုင်ခဲ့ပါ။ ဂျာမနီနိုင်ငံ၏ အားလပ်ရက်နှင့်ခရီးသွားလာရေးဆိုင်ရာ သုတေသနအဖွဲ့မှ မကြာသေးမီက ပြုလုပ်ခဲ့သောစစ်တမ်းတစ်ခုအရ ဂျာမန်အားလပ်ရက်များသည် နိုင်ငံသားများအတွက် ထိပ်တန်း ဦးစားပေးအဖြစ်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပေသည်။

Future Studies Foundation ကို ဦးဆောင်နေသည့် ခရီးသွားလာရေးလုပ်ငန်း သုတေသီဖြစ်သူ ပါမောက္ခ Ulrich Reinhardt က  အဆိုပါကိစ္စအား အတည်ပြုခဲ့ပြီး ဂျာမန်အများစုအနေဖြင့် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား ခေတ္တခဏ အနားယူရပ်တန့်၍ အတွေ့အကြုံ အသစ်များ၊ နေရောင်ခြည်အောက်နှင့် ပင်လယ်ကမ်းခြေများ၌ သွားရောက်အနားယူရန်ကို မမေ့မလျော့ စီစဉ်ကြကြောင်း DW သို့ ပြောကြားခဲ့ပါသည်။

ဂျာမန်တည်းခိုရေးလုပ်ငန်းကဏ္ဍက ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည် တိုးတက်လာကြောင်း ပြောကြားထားပြီး၊  ယခုနှစ် မေလတွင် ညအိပ်တည်းခိုသူ ၄၇ သန်းခန့်ရှိကြောင်းနှင့်  ကိုဗစ်-၁၉ အကြိုကာလနှင့်နှိုင်းယှဉ်ပါက ၅.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မှတ်တမ်းတင်ထားပါသည်။ ခရီးသွားလာမှုအနေအထားမှာ ကပ်ရောဂါအကြိုကာလအဆင့်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း၊ မိသားစုများစွာတို့သည် စျေးနှုန်းများ တွက်ချက်နေကြရသော်လည်း ပြည်ပသို့ခရီးထွက်ရန် စိတ်အားထက်သန်နေကြသည်မှာ သိသာထင်ရှားနေပါကြောင်းနှင့် အားလပ်ရက်အတွက် ကြိုတင်စီစဉ်မှုများ ပြုလုပ်နေကြကြောင်း  German Travel Association မှ ထုတ်ပြန်ထားပါသည်။

ဆိုလိုသည်မှာ ကိုဗစ်-၁၉ ကပ်ရောဂါသည် လူတို့အနေဖြင့် မည်သည့်အချိန်တွင် အလုပ်လုပ်ရမည်၊ မည်သို့မည်ပုံ ခရီးသွားလာရမည် အစရှိသဖြင့် လူနေထိုင်မှုအား သိသာစွာပြောင်းလဲစေခဲ့ပြီ ဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသောပြောင်းလဲမှုများကို စီးပွားရေးကိစ္စရပ်များဖြင့် ခရီးသွားလာနေကြရသောနယ်ပယ်တွင် အထင်ရှားဆုံးတွေ့ရှိနိုင်ကြောင်း The Federal Association of the German Tourism Industry (BTW) မှ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ဗီဒီယိုကွန်ဖရင့် အသုံးပြုလာကြခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီအချိန်ကထက် ယခုအချိန်တွင် စီးပွားရေး ကိစ္စ ခရီးသွားလာမှုမှာ သိသာစွာလျော့နည်းသွားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ ကပ်ရောဂါသည် ခရီးသွားလာရေးနှင့် တည်းခိုရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို လျှင်မြန်စွာစတင်စေခဲ့ကြောင်း၊ ယနေ့အချိန်တွင် customer service များ ရယူနိုင်ခြင်း၊ စားသောက်ဆိုင်များ၌ ကြိုတင်မှာယူထားနိုင်ခြင်းနှင့် အင်တာနက်ပေါ်မှ ခရီးသွားဆွဲဆောင်မှုနေရာများအတွက် လက်မှတ်များကို ကြိုတင်မှာယူထားနိုင်ခြင်း အစရှိသည့် အခွင့်အရေးများရှိလာကြောင်း BTW က ဆိုထားပါသည်။ ထို့ပြင် ကုမ္ပဏီအများအပြားသည် ၎င်းတို့၏ လုပ်ငန်းများကို online ဖြင့် ဆောင်ရွက်နိုင်ရေးအတွက်ကိုပါ သိသိသာသာပြန်လည်မွမ်းမံ ပြင်ဆင်ထားခဲ့ကြပါသည်။

ကပ်ရောဂါ၏ ရေရှည်အကျိုးသက်ရောက်မှုကို လေကြောင်းကဏ္ဍတွင်လည်း တွေ့ရှိနိုင်ပေသည်။ ဂျာမန်လေဆိပ်များအသင်း (The German Airports Association - ADV) ၏ နောက်ဆုံး ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း ဂျာမန်လေဆိပ်များ၏ ခရီးသွားအရေအတွက်သည် ၂၀၁၉ ခုနှစ် အလားတူကာလထက် ၂၇ ရာခိုင်နှုန်း လျော့နည်းနေသေးကြောင်း သိရှိရပါသည်။ ထိခိုက်မှုအများဆုံးဧရိယာမှာ ပြည်တွင်းလေကြောင်းလိုင်းများ ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မေလတွင် ပြည်တွင်းလေကြောင်းခရီးသည် ၂.၁ သန်း ရှိခဲ့ရာ အဆိုပါ ကိန်းဂဏန်းထက် ၂၀၁၉ ခုနှစ်၊ မေလက ကိန်းဂဏန်းက နှစ်ဆပိုများခဲ့ပါသည်။ ယင်းသို့ ခရီးသည် လျော့နည်းသွားခြင်းကြောင့် ဂျာမနီနိုင်ငံတွင် ပြည်တွင်းလေကြောင်း အချိတ်အဆက်   ခရီးစဉ် (flight connection) များ လျော့နည်းသွားရခြင်းဖြစ်ကာ လေကြောင်းအစား ရထားကို ရွေးချယ်အသုံးပြုလာခြင်းကြောင့်လည်း လေကြောင်းခရီးစဉ်များ လျော့နည်းသွားရခြင်းဖြစ်ကြောင်း  ADV က ဆိုထားပါသည်။

လေကြောင်းလုပ်ငန်းတစ်ခုလုံးတွင် ၂၀၁၉ ခုနှစ်ကထက် ယနေ့အချိန်တွင် ပျံသန်းချိတ်ဆက်မှု နည်းပါးသွားသဖြင့် တစ်ချိန်တည်းတွင် ဝယ်လိုအား တဟုန်ထိုးတက်လာကာ  လေယာဉ်ခများ မြင့်တက်လာခဲ့သည်။ Germany's Federal Statistical Office မှ အချက်အလက်များအရ လေယာဉ်လက်မှတ်များသည် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အချိန်ကာလကထက် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ကာလတွင် ၅၂.၆ ရာခိုင်နှုန်း စျေးပို၍မြင့်မားနေပါသည်။ အားလပ်ရက် Package ခရီးစဉ်များသည်လည်း ဈေးနှုန်းပိုမိုများပြားလာပါသည်။ အဆိုပါဈေးနှုန်းများသည် ၂၀၂၃  ခုနှစ် ပထမ နှစ်ဝက်ကာလတွင် ယမန်နှစ် အလားတူကာလကထက် ၁၀.၂ ရာခိုင်နှုန်း ပိုမိုများပြားနေ ပါသည်။

ကပ်ရောဂါပြီးဆုံးချိန်တွင် ကုန်ကျစရိတ်များနှင့် ငွေကြေးဖောင်းပွမှုများ မြင့်တက်နေသော်လည်း လူများသည် ခရီးသွားရန် စိတ်အားထက်သန်နေကြဆဲဖြစ်ကြောင်းနှင့် ယင်းသို့ စိတ်အားထက်သန်မှုမှာ ယခုအားလပ်ရက်အချိန်များတွင် ထင်ဟပ်နေကြောင်း ခရီးသွားသုတေသီ Ulrich Reinhardt က ပြောကြားခဲ့သည်။ ဥပမာ၊ ၂၀၂၂ ခုနှစ်တွင် ဂျာမန်များသည် ၂၀၂၁ ခုနှစ်ကထက် အားလပ်ရက်နှစ်ရက်ပို၍ စုစုပေါင်းအားလပ်ရက်(၁၃)ရက်ကိုရရှိခဲ့ကြသည်။ ကပ်ရောဂါမဖြစ်ပွား မီနှစ်များက ဂျာမန်များသည် အားလပ်ရက်တိုများသာ ရှိခဲ့ကြပြီး ယခုအချိန်တွင် ပြောင်းပြန် ဖြစ်နေခဲ့ပါသည်။

အားလပ်ရက် ခရီးသွားများအနေဖြင့် ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားပြီးအချိန်တွင် ဘေးကင်းလုံခြုံစွာ ခရီးသွားကြရန် အရေးကြီးကြောင်းကို Reinhardt က ပြောကြားခဲ့သည်။ ကပ်ရောဂါပြီး ကတည်းက ရေပန်းစားလာသော Camping holidays ကဲ့သို့သော အလားအလာကောင်းသော  ဈေးကွက်များမှ အကျိုးအမြတ်များစွာရရှိနိုင်ကြောင်းနှင့် ခရီးဝေးသွား ခရီးသွားဦးရေ အခြေအနေမှာလည်း လက်ရှိအခြေအနေအတိုင်း ဆက်လက်မြင့်မားနေမည်၊ မနေမည်ကို မေးခွန်းထုတ် စရာဖြစ်နေကြောင်း ၎င်းကဆိုထားပါသည်။ ဈေးနှုန်းများကြီးမြင့်လာမှုနှင့် သဘာဝ အရင်းအမြစ်များနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ ဆွေးနွေးမှုများကြောင့် အနာဂတ်တွင် နိုင်ငံတကာခရီး သွားလာမှုကဏ္ဍအပေါ် လွှမ်းမိုးမှုများ ရှိလာလိမ့်မည်ဟု ၎င်းက ယူဆထားပါသည်။ မည်သို့ပင် ဆိုစေကာမူ ဂျာမန်လူမျိုးများအနေဖြင့် စူးစမ်းလေ့လာမှုများ ပြုလုပ်ရင်း ၎င်းတို့ နှစ်သက်သော ကမ္ဘာအနှံ့ခရီးထွက်ခြင်းကို ဆက်လက် လုပ်ဆောင်နေကြလိမ့်မည်ဖြစ်ပါသည်။

 

 

Source:         https://www.dw.com/en/how-the-covid-pandemic-changed-the-travel-industry/a-66574075

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany