Phillippines

တရုတ် အိတ်လုပ်ငန်းရှင်များမှ ဖိလစ်ပိုင်-အီးယူ FTA အားအသုံးပြု၍ ဥရောပသို့ တင်ပို့သွားမည်ဖြစ်

Last Updated:

တရုတ်အခြေစိုက်အိတ်ကုမ္ပဏီတစ်ခုသည် ဖိလစ်ပိုင်-အီးယူ FTA အား အသုံးပြု၍ ဖိလစ်ပိုင် နိုင်ငံထုတ် အိတ်များအား ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချသွားရန် ရည်ရွယ်ထားကြောင်း၊ DXHIC ကုမ္ပဏီအနေဖြင့် ၎င်း၏လုပ်ငန်းများအား အရှေ့တောင်အာရှနိုင်ငံများတွင် တိုးချဲ့သွားမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ တတိယ ၃ လပတ်မှစတင်၍ လုပ်ငန်းစတင်သွားမည်ဖြစ်ပါကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ၏ ၂၂-၈-၂၀၂၃ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။

DXHIC ကုမ္ပဏီသည် ၂၅ နှစ်သက်တမ်းရှိ အိတ်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ် နိုင်ငံ၊ Guangdong ပြည်နယ်တွင်ရှိပြီး ၎င်း၏ ရုံးခွဲဖြစ်သော Good Manufacturing PH Leathers Inc.  သည် နိုင်ငံတကာထိပ်တန်းတံဆိပ်များအား အိတ်များရောင်းချလျက်ရှိပါကြောင်း၊ DXHIC ကုမ္ပဏီအနေဖြင့် ဥရောပရှိ ၎င်းတို့၏အိတ်အားဝယ်ယူသုံးစွဲသူများအတွက် ဖိလစ်ပိုင်နိုင်ငံ၊ Subic တွင် စက်ရုံအသစ်တည်ဆောက်ပြီး အိတ်များထုတ်လုပ် တင်ပို့သွားမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လက ဥရောပကော်မရှင်ဥက္ကဋ္ဌ မနီလာမြို့သို့လာရောက်စဉ် ဖိလစ်ပိုင်-အီးယူ FTA အား ထပ်မံသက်တမ်းတိုးသွားမည်ဟု ပြောကြားခဲ့ပါကြောင်း၊ ထို့ပြင် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးမှလည်းဆွေးနွေးမှုများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လဆန်းက ပြုလုပ်ခဲ့သည့် သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဖိလစ်ပိုင်-အီးယူ FTA သည် ဖိလစ်ပိုင်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍအတွက် အစိတ်အပိုင်းအကြီးကြီးတစ်ခုထိ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည် အထည်ချုပ်ကဏ္ဍအပါအဝင် အခြားကုန်သွယ်မှုများဆောင်ရွက်ရာတွင် ပင်ရင်းဒေသစည်းမျဉ်းဖြေလျော့မှုများဆိုင်ရာကိစ္စရပ်များအတွက် ဆွဲဆောင်မှုရှိသည့် ဒေသတစ်ခုဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

အီးယူ GSP+အရ တင်ပို့နေသော်လည်း  ဖိလစ်ပိုင်နိုင်ငံထုတ် အဝတ်အထည်များ အီးယူဈေးကွက်သို့ တင်ပို့ရောင်းချခြင်းအတွက်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Multifiber Arrangement အရ အခွန် ၁၂ % ပေးဆောင်နေရဆဲဖြစ်ကြောင်းဖော်ပြပါရှိပါသည်။

တရုတ်ကုမ္ပဏီများအနေဖြင့် ဖိလစ်ပိုင်-အီးယူ FTA ဆွေးနွေးချက်များအရ ဖိလစ်ပိုင်နိုင်ငံထုတ် ကုန်ပစ္စည်းများအနေဖြင့် အီးယူဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဟု မျှော်လင့်ပါကြောင်းနှင့် DXHIC  ကုမ္ပဏီအနေဖြင့်လည်း ဖိလစ်ပိုင် အလုပ်သမား ၁,၂၀၀ ခန့်အား အလုပ်အကိုင် ဖန်တီးပေးနိုင်ရန်ရည်ရွယ်ထားကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှပြောကြားခဲ့ပါသည်။ တရုတ်ကုမ္ပဏီများမှ နောင်လာမည့်နှစ်များအတွင်း ဖိလစ်ပိုင်နိုင်ငံရှိ အလုပ်သမားဦးရေ ၅,၀၀၀ ခန့် ဌားရမ်း လုပ်ကိုင်သွားမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

Source; https://www.pna.gov.ph/articles/1208329

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines