ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပီလောပီနံထွက်နှုန်းအမြင့်ဆုံး ရာသီတွင် ပီလောပီနံထုတ်ကုန်များကို ဝယ်ယူပေးရန် တရုတ်အာဏာပိုင်များထံတောင်းဆိုထားပြီး ထိုင်းအစာကြိတ်ခွဲလုပ်ငန်းရှင်များကိုလည်း ၎င်းတို့၏ ဝယ်လိုအားတိုးမြှင့်ပေးရန် တွန်းအားပေးဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ပီလောပီနံဈေးနှုန်းများ ကျဆင်းလာလျက်ရှိရာ အထွက်နှုန်းအမြင့်ဆုံးရာသီတွင် ပီလောပီနံ ထုတ်ကုန်များဖြစ်သည့် ပီလောပီနံပြားများကို ဝယ်ယူပေးရန် တရုတ်အာဏာပိုင်များနှင့် ပေါင်းစပ် ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနနှင့် နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာနများကို တာဝန်ပေးအပ်ထားပါကြောင်း၊ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက ပီလောပီနံအသင်း ၄ ခု၊ တိရစ္ဆာန် အစာ ထုတ်လုပ်သူများနှင့် ဝက်မွေးမြူရေးသမားများနှင့် တွေ့ဆုံ၍ နိုင်ငံအတွင်းရှိ ပီလောပီနံပိုလျှံမှုကို သုံးစွဲရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ပီလောပီနံပြားများ တန်ချိန် ၅၀၀,၀၀၀ ကို တိရစ္ဆာန်အစာ စက်မှုတွင် သုံးစွဲခြင်းဖြင့် ပြည်တွင်းသုံးစွဲမှုတိုးမြှင့်လာစေရန်ဖြစ်ကြောင်း၊ ကနဦးအနေ ဖြင့် ထိုင်းအစာစက်အသင်းက တောင်သူများထံမှ ပီလောပီနံပြားများ ဝယ်ယူရန် သဘောတူညီခဲ့ပါ ကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။
နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက မက္ကဆီကို၊ ချီလီ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကဲ့သို့သော အလား အလာရှိသော ဈေးကွက်များသို့ ပီလောပီနံအတွက် ဈေးကွက်တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပီလောပီနံအခြေခံထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုး တိုးမြင့်နိုင်ရန် စီးပွားရေးသံမှူးများအား တာဝန်ပေးအပ်ထားပါကြောင်း၊ ဝန်ကြီးဌာနသည် ပုဂ္ဂလိက ကဏ္ဍနှင့်ပူးပေါင်းကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှ ၉ ရက်နေ့အတွင်း တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် ချန်ဒူးတို့ရှိ စက်ရုံများသို့ သွားရောက် ၍ ထိုင်းပီလောပီနံထုတ်ကုန်များကို အရောင်းမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နှစ်သစ်ကူး မတိုင်မီ တန်ချိန် ၁ သန်းကျော် ဝယ်လိုအားရရှိနိုင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့ပြင် ပီလောပီနံများကို တရုတ်နိုင်ငံရှိ တိရစ္ဆာန်အစာ၊ ကော်၊ စာရွက်၊ အချိုမုန့်နှင့် သမာရိုးကျ သုံးစွဲမှုအလွန်ဖြစ်သော စစ်ထရစ် အက်စစ်ထုတ်လုပ်သည့် စက်ရုံများအတွက် မိတ်ဆက်သွားမည်ဖြစ် ကြောင်း၊ တောင်သူများကို ထောက်ပံ့ပေးရန်အတွက် ဘတ်ဂျက်တောင်းခံနိုင်ရေး ပြည်တွင်း ကုန်သွယ် မှုဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဘတ်ဂျက်ကို ၂၀၂၄-၂၀၂၅ ပီလောပီနံ ထွက် နှုန်းမြင့်မားနေချိန်တွင် တောင်သူများ၏ ခူးဆွတ်မှုကို ရွှေ့ဆိုင်းနိုင်စေရေး အစီအစဉ်အတွက် အသုံးပြု သွားမည်ဖြစ်ကြောင်း၊ အစီအမံတွင် တောင်သူများ၏ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်မှ အတိုးများကို အစိုးရက ထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ပီလောပီနံထုတ်ကုန် တင်ပို့ခဲ့မှုသည် အမေရိကန်ဒေါ်လာ ၂.၆၈ ဘီလီယံဖြစ်ပြီး ၁၇.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ကျဆင်းခဲ့မှုမှာ ပီလောပီနံပြားများ တင်ပို့မှုကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် နိုင်ဂျီးရီးယားနှင့် ကွန်ဂိုတို့ ပြီးပါက ကမ္ဘာ့ တတိယအကြီးဆုံး ပီလောပီနံထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးပီလောပီနံ ထုတ်ကုန် တင်ပို့သူဖြစ်ကြောင်း၊ အဓိက ပို့ကုန်ဈေးကွက်မှာ တရုတ်ဖြစ်ကြောင်း ကုန်သွယ်ရေး မူဝါဒ နှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanpakorn က ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။