Germany

ဂျာမန်သမ္မတသည် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့လိုက်ပါလျက် ဗီယက်နမ်နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်

Last Updated:

ဂျာမန်သမ္မတ Mr. Frank-Walter Steinmeier သည် တရုတ်နိုင်ငံနှင့် ဆောင်ရွက်လျက်ရှိသော စီးပွားရေးကို ဆုံးရှုံးနိုင်ခြေနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်လိုသည့် ၎င်း၏မဟာဗျူဟာအရ ၂၃-၁-၂၀၂၄ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ စတင်ရောက်ရှိခဲ့ပါသည်။

ဂျာမန်သမ္မတ၏ အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်သည့် (၄)ရက်တာခရီးစဉ်တွင် အလုပ်သမားဝန်ကြီး Mr. Hubertus Heil နှင့် ဂျာမနီနိုင်ငံရှိ ထိပ်တန်းစက်မှုလုပ်ငန်းများမှ စီးပွားရေးခေါင်းဆောင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါခဲ့ပါသည်။ 

အဆိုပါ ခရီးစဉ်သည် တရုတ်နိုင်ငံအပြင် အခြားသောနိုင်ငံများနှင့်ပါ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ဖြန့်ကျက်ဆောင်ရွက်လိုသည့် ဂျာမနီ၏ စိတ်ပါဝင်စားမှုများကို အလေးပေးဖော်ပြနေကြောင်း ဗီယက်နမ်နိုင်ငံမှ ဂျာမန်အတွေးခေါ်ပညာရှင်များအဖွဲ့ (အကြံပေးအဖွဲ့)ဖြစ် သော Konrad Adenauer Foundation မှ ကိုယ်စားလှယ်ဖြစ်သူ Mr. Florian Feyerabend  က ပြောကြားခဲ့သည်။

ဂျာမန်သမ္မတ Mr. Steinmeier အား ဗီယက်နမ်သမ္မတ Vo Van Thuong မှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပါသည်။ ၎င်းနောက် ဂျာမန်သမ္မတသည် ဟနွိုင်းမြို့ရှိ Goethe-Institut တွင် ကျင်းပသော အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ ပြပွဲတစ်ခုသို့ တက်ရောက်ခဲ့သည်။ ပြပွဲအပြီး မြို့တော် ဟနွိုင်းကိုလှည့်လည်ကြည့်ရှုခဲ့ပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ဗီယက်နမ်မှ ကျွမ်းကျင်လုပ်သားများ ဂျာမနီနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေးနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Mr. Steinmeier သည် ၂၄-၁-၂၀၂၄ ရက်တွင် ဟိုချီမင်းမြို့၏ စီးပွားရေး အချက်အချာကျသော နေရာများသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံသို့လည်း (၂) ရက်ကြာ အလည်အပတ် ခရီးသွားရောက်ရန် စီစဉ်ထားကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးမစ်ရှင်တွင် ပါဝင်သော ဂျာမန်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် ကမ္ဘာအနှံ့လိုဏ်ခေါင်း တူးစက် (tunnel boring machine) ဈေးကွက်ကို လွှမ်းမိုးထားနိုင်သော Herrenknecht သည် လက်ရှိတွင် ဟိုချီမင်းမြို့၌ မြေအောက်ရထားလမ်းတည်ဆောက်ရာတွင် လိုအပ်မည့် ကိရိယာများကို ရောင်းချပေးနေပြီဖြစ်သကဲ့သို့ Mission တွင် ပါဝင်သော ကုမ္ပဏီကြီးများဖြစ်ကြသည့် ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီ Knauf နှင့် ကော်မျိုးစုံထုတ်လုပ်သည့်ကုမ္ပဏီ Tesa တို့မှာ အရှေ့တောင်အာရှနိုင်ငံများ၌ လုပ်ငန်းများ လည်ပတ်နေပြီဖြစ်ပါသည်။

ဗီယက်နမ်သည် ၎င်း၏ကမ်းလွန်မှ လေစွမ်းအင် ထုတ်လုပ်နိုင်ရေးကို ချဲ့ထွင်ရန် ကြိုးပမ်းနေချိန်တွင် ဂျာမနီတွင် လေစွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် PNE AG သည်လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့ပါသည်။

ဂျာမနီမှ ကုမ္ပဏီများအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၃) ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်းနှင့် ဂျာမနီမှ စက်ပစ္စည်းများ ထုတ်လုပ်ရောင်းချ သည့်ကုမ္ပဏီတစ်ခုဖြစ်သော Bosch မှာ ဗီယက်နမ်တွင် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ဗီယက်နမ်ရှိ The German Chamber of Commerce(Vietnam) က ပြောကြားထားပါသည်။

ဂျာမနီသည် ဥရောပသမဂ္ဂတွင် ဗီယက်နမ်၏ အရေးအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဗီယက်နမ်သည်လည်း အာဆီယံနိုင်ငံများတွင် ဂျာမနီ၏ အရေးကြီးဆုံးမိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

 

 

Source:         https://www.dw.com/en/german-president-visits-vietnam-with-business-delegation/a-68061285

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany