China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အကြီးစားစက်ကိရိယာများ အဆင့်မြှင့်တင်မှုနှင့် လူသုံးကုန် ပစ္စည်းများ ကုန်သွယ်မှုမြှင့်တင်ခြင်းဖြင့် ယွမ်ထရီလီယံစျေးကွက်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ရန်နှင့် ယခုနှစ်တွင် စီးပွားရေး ဆက်လက်တိုးတက်စေရေး ပံ့ပိုးပေးနိုင်ရန် နိုင်ငံတွင် အကြီးစားစက်ကိရိယာများကို မွမ်းမံ၍ အဆင့်မြှင့်တင်ထုတ်လုပ်ရန်နှင့် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်မှုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတော်ကောင်စီ၏ ယခုလအစောပိုင်း ထုတ်ပြန်ခဲ့သည့် လုပ်ငန်းအစီအစဉ်တစ်ခု၌ တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ဆေးဘက်စောင့်ရှောက်မှုဆိုင်ရာ စက်ပစ္စည်းကိရိယာများ ရင်းနှီးမြှုပ်နှံမှုကို ၂၀၂၇ ခုနှစ်တွင် အနည်းဆုံး ၂၅ ရာခိုင်နှုန်း တိုးမြှင့်ရရှိရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

၂၀၂၇ ခုနှစ်တွင် စွန့်ပစ်ထားသောကားများ ပြန်လည်အသုံးပြုသည့် ပမာဏကို ၂၀၂၃ ခုနှစ်ရှိ အဆင့်မှ အကြမ်းဖျင်း နှစ်ဆတိုးရန် စီစဉ်ထားကြောင်း၊ အဆိုပါကားများ အသုံးပြုမှုကို ၄၅ ရာခိုင်နှုန်း တိုးလာရန် စီစဉ်ထားကြောင်း၊ ထို့ပြင်အသုံးပြုပြီးသား အိမ်သုံးအသုံးအဆောင်များမှ ပြန်လည်ပြင်ဆင်ထုတ်လုပ်အသုံးပြုခြင်းကို ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၇ ခုနှစ်၌ ၃၀ ရာခိုင်နှုန်း တိုးလာရန် စီစဉ်ထားကြောင်းကိုလည်း သိရှိရပါသည်။

အဆိုပါအစီအစဉ်၌ ကဏ္ဍငါးခုအတွက် အဓိကကျသောလုပ်ငန်း ၂၀ ခုပါဝင်ပြီး စက်ကိရိယာ များအသစ်ပြန်လည်လဲလှယ်ခြင်း၊ လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်း၊ အသုံးပြုပြီးသော ကုန်ပစ္စည်းများ ပြန်လည်ပြင်ဆင်ထုတ်လုပ်ခြင်း၊ စံချိန်စံညွှန်း အဆင့်မြှင့်တင်ခြင်းနှင့် မူဝါဒပိုင်းဆိုင်ရာ တွန်းအားပေးဆောင်ရွက်ခြင်း၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီခြင်းများပါဝင်ကြောင်း သိရှိရပါသည်။

နိုင်ငံ၏ ထိပ်တန်းစီးပွားရေး စီမံကိန်းရေးဆွဲသူဖြစ်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC)၏ အဆိုအရ ခေတ်မီစက်မှုလုပ်ငန်းအသစ်များ မြှင့်တင်ဆောင်ရွက်လျက်ရှိသော အဓိကကုန်ထုတ်နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် စက်ကိရိယာများ ခေတ်မီစေရန်နှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန်မှာ လိုအပ်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားထားသည်ဟု သိရှိရပါသည်။

ကနဦးခန့်မှန်းချက်များအရ စက်ပစ္စည်းများ အဆင့်မြှင့်တင်မှုမှ နှစ်စဉ် ယွမ် ၅ ထရီလီယံ (ဒေါ်လာ ၇၀၄.၁၉ ဘီလီယံခန့်) ရှိသည့် ကြီးမားသော စျေးကွက်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ စီမံချက်အရ စွမ်းအင်ထိန်းသိမ်းမှုနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း၊ အလွန်နိမ့်သော ဓာတ်ငွေ့ထုတ်လွှတ်ခြင်း၊ ဘေးကင်းလုံခြုံစွာ ထုတ်လုပ်နိုင်ခြင်း၊ ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေခြင်းတို့တွင် ထိရောက်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူဦးရေထူထပ်သော နိုင်ငံတစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ ကြီးမားသော မော်တော်ကား၊ အိမ်သုံးပစ္စည်းများနှင့် အခြားတာရှည်ခံပစ္စည်းဆိုင်ရာ ဈေးကွက်များသည် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက် ကား ကုန်သွယ်မှုပြုရာတွင် အလားအလာရှိသော စျေးကွက်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် စျေးကွက်ချဲ့ထွင်ခြင်းနှင့် စားသုံးသူဝယ်လိုအား မြှင့်တင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ တိုးတက်စေမည့်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကာ ၎င်းနှင့်ဆက်စပ်သည့် စက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စီးပွားရေးစနစ်အဆင့် မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု NDRC မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် အရည်အသွေးမြင့် တာရှည်ခံ လူသုံးကုန်ပစ္စည်းများကို ဒေသခံများ ပိုမိုလက်လှမ်းမီ သုံးစွဲလာနိုင်ခြင်းကြောင့် စားသုံးသူအမျိုးမျိုး၏ လိုအပ်ချက်များအလိုက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ တရားဝင် အချက်အလက်များအရ လက်ရှိတွင် တရုတ်နိုင်ငံ၌ အိမ်သုံးပစ္စည်းသုံးစွဲမှု စုစုပေါင်း ၃ ဘီလီယံ ယူနစ်ထက် ကျော်လွန်နေကြောင်း၊၂၀၂၃ ခုနှစ်တစ်နှစ်တည်းတွင် နိုင်ငံအတွင်း အိမ်သုံးပစ္စည်း ယူနစ် သန်း ၂၀၀ ကျော် စွန့်ပစ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ တရုတ်နိုင်ငံ၏ စုစုပေါင်း မော်တော်ကားရောင်းချရမှုသည် ၂၀၂၄ ခုနှစ်တွင် အစီးရေ ၃၁ သန်းကျော် ရှိမည်ဟု ခန့်မှန်းရပြီး ကုန်သွယ်မှုဝယ်လိုအားသည် စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းခန့် ရှိမည်ဖြစ်ကြောင်း၊ သို့ပါ၍ မော်တော် ယာဥ်များနှင့် အိမ်သုံးပစ္စည်းများကို ပြန်လည်ပြင်ဆင် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းဖြင့် ယွမ် ထရီလီယံတန်သော စျေးကွက်ကို ဖန်တီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း NDRC မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

 

Source: China promotes large-scale equipment upgrades, trade-in of consumer goods to open up trillion-yuan market - Chinadaily.com.cn

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

Category: China(Beijing)