USA

အမေရိကန်နိုင်ငံ၏ အိမ်ဈေးနှုန်းသည် ဇွန်လတွင် စံချိန်တင် မြင့်တက်လာခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ အိမ်ဈေးနှုန်းသည် လအနည်းငယ်ကြာ တစ်ဆက်တည်း မြင့်တက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်းနှင့် ယင်းသို့ မြင့်တက်ခြင်းသည် သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားများ ဝယ်ယူရန်မတတ်နိုင်သည့် ဈေးနှုန်းဖြစ်ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၂၃-၇-၂၀၂၄ ရက်တွင် “U.S. Home Prices Hit Record in June for Second Consecutive Month” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။  

နွေဦးရာသီသည် အမေရိကန်နိုင်ငံသားများအတွက် အိမ်ဝယ်ယူမှု များပြားသည့်ရာသီဖြစ်ပြီး အထူးသဖြင့် အိမ်ခြံမြေဈေးကွက်များ အလုပ်ဖြစ်သည့်ကာလလည်းဖြစ်ပါကြောင်း၊ အိမ်ရောင်းအားသည် လေးလခန့်ဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ ဤသို့ဖြစ်ပေါ်ခြင်းမှာ ဈေးနှုန်းများမြင့်တက်ခြင်းနှင့် အိမ်ပေါင်စာချုပ်ချေးငွေအတိုးနှုန်း တိုးလာသဖြင့် အိမ်ငှားရမ်းနေထိုင်သူများသည် အိမ်ပိုင်ဆိုင်လိုခြင်းမရှိသလို လက်ရှိအိမ်ပိုင်ဆိုင်သူများကိုလည်း ပြောင်းရွှေ့ရန် ဟန့်တားနေသကဲ့သို့ဖြစ်ကြောင်း၊ ထို့အပြင် အိမ်ရောင်းလိုအား ကျဆင်းခြင်းမှာလည်း အိမ်ဈေးနှုန်း မြင့်တက်စေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလယ်အလတ်ဈေးနှုန်းရှိသည့် အိမ်များ၏ဈေးနှုန်းသည် ဇွန်လတွင် အမေရိကန်ဒေါ်လာ (၄၂၆,၉၀၀) သို့မြင့်တက်ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၄.၁) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ထို့အပြင် ဇွန်လအတွင်းရောင်းချရန် ကြေညာထားသည့်အိမ် သုံးပုံတစ်ပုံမှာ ၎င်းတို့‌ဖော်ပြထားသည့် ဈေးနှုန်းထက် မြင့်မားနေသည်ကိုတွေ့ရသည်ဟု အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီဖြစ်သည့် Redfin အရ သိရှိရကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဇိမ်ခံအိမ်များ ရောင်းအားတက်လာခဲ့သော်လည်း ဈေးသက်သာသည့်အိမ်များ ရောင်းအားကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ဆောင်းဦးရာသီ၌ ဈေးနှုန်းသက်သာသော အိမ်ဝယ်လိုအားကျဆင်းမှုသည် ၁၉၉၅ ခုနှစ် နောက် ပိုင်းတွင် အဆိုးရွားဆုံးဖြစ်ကြောင်း၊ သို့ရာတွင် အိမ်အပေါင်စာချုပ် ချေးငွေအတိုးနှုန်းသည် မတ်လလယ်ပိုင်းမှစ၍ အနိမ့်ဆုံးကျဆင်းခဲ့သဖြင့် လာမည့်လများအတွင်း ဈေးနှုန်းသက်သာသော အိမ်ဝယ်လိုအား အနည်းငယ်မြင့်တက်လာနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

 

Source: https://www.wsj.com/economy/housing/u-s-home-prices-hit-record-in-june-for-second-consecutive-month-cbe00c76?mod=economy_lead_story

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA