USA

အမေရိကန်သွင်းကုန်လုပ်ငန်းရှင်များသည် ကုန်စည်ပို့ဆောင်မှုများ မပြတ်တောက်မီ ကုန်စည်များကို အလျင်အမြန် တင်သွင်းလျက်ရှိ

Last Updated:

အမေရိကန်သွင်းကုန်လုပ်ငန်းရှင်များသည် ကုန်စည်ပို့ဆောင်မှုများ ပြတ်တောက်မှု မဖြစ်ပေါ်မီ ကုန်စည်များကို အလျင်အမြန် တင်သွင်းလျက်ရှိကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၂၃-၇-၂၀၂၄ ရက်၌ “U.S. Importers Are Rushing Goods in Early Ahead of Shipping Disruptions” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်လက်လီကုန်စည်ရောင်းချသူများသည် လေကြောင်းကုန်စည် ပို့ဆောင်မှုစရိတ်များ တိုးလာခြင်းနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်မှုအခြေ အနေများ မြင့်တက်လာခြင်းတို့ကြောင့် ကုန်စည်ပို့ဆောင်မှု မပြတ်တောက်မီ နိုင်ငံခြားကုန်စည် အမှာစာများကို တိုးမြှင့်ခဲ့ကြကြောင်း၊ သွင်းကုန်ပစ္စည်းများ သယ်ဆောင်သည့် ကွန်တိန်နာသင်္ဘောကြီးများသည် ယခုနှစ်နွေဦးရာသီမှစ၍ အမေရိကန် ဆိပ်ကမ်းများသို့ ရောက်ရှိလာခဲ့ကြကြောင်း၊  ထို့ကြောင့် နှစ်စဉ်ဆောင်းဦးရာသီ သွင်းကုန်တင်သွင်းမှုလျော့ကျလာကြောင်း၊ ယခုကဲ့သို့ကုန်ပစ္စည်းအများအပြားသိုလှောင်ထားခြင်းသည် အကယ်၍ စားသုံးသူများက အသုံးစရိတ်လျှော့ချသုံးစွဲခဲ့လျှင် လက်လီကုန်စည်ရောင်းချသူများအနေဖြင့် ကုန်စည်များ မရောင်းချရနိုင်ခြေရှိသည့် အန္တရာယ်ဖြင့် ကြုံတွေ့လာနိုင်ကြောင်း၊ S&P Global Market Intelligence ၏ ပို့ဆောင်ဆက်သွယ်ရေးအကြံပေးဒါရိုက်တာ Mr. Paul Bingham က အမေရိကန် လက်လီရောင်းချသူများနှင့် ကုန်ထုတ်လုပ်သူများသည် ကုန်တင်သင်္ဘောများ ပြတ်တောက်မှုအပေါ် စိုးရိမ်၍ ပို့ဆောင်ခများစွာပေးချေကာ ကုန်စည်များကို တင်သွင်းလျက်ရှိကြကြောင်း၊ ၎င်းဈေးနှုန်းများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်မီက မကြုံခဲ့ဖူးသည့် ဈေးနှုန်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ကဏ္ဍတွင် လုပ်ကိုင်နေကြသည့် အမှုဆောင်အရာရှိများက မိုးခေါင်ရေရှားမှုကြောင့် ပနားမားတူးမြောင်း၌ အသွားအလာ ကန့်သတ်ခြင်းနှင့် ဆိပ်ကမ်းလုပ်သားများ ဆန္ဒပြမှုစသည့် ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်လျက်ရှိသော ပြဿနာများသည် အမေရိကန်နိုင်ငံ၏ အရှေ့ဘက်ကမ်းခြေဆိပ်ကမ်းနှင့် ပင်လယ်ကွေ့ကမ်းခြေများအပေါ်  သက်ရောက်မှုရှိလာနိုင်သည်ဟု သတိပေးခဲ့ကြောင်း၊ ပင်လယ်နီ၌ဖြတ်သန်းသွားလာမှုကို ဟူသီများ (Houthi) က ပိတ်ဆို့ခဲ့ပြီး စူးအက်တူးမြောင်းသို့ ချဉ်းကပ်လာသည့် ကုန်တင်သင်္ဘော များကို တိုက်ခိုက်လျက် နစ်မြှုပ်လိုက်ခြင်းတို့သည့် ကမ္ဘာတစ်ဝှမ်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအပေါ် အဓိကသက်ရောက်မှုဖြစ်ပြီး ယင်းသို့သက်ရောက်မှုများမှာလည်း ပို၍တိုးလာနေကြောင်း၊ အာရှ-ဥရောပလမ်းကြောင်း၌ ပုံမှန်အချိန်ဇယားဖြင့် သွားလာနိုင်ရန် ကုန်တင်သင်္ဘောများ ထပ်တိုးခြင်းသည်ကမ္ဘာ့ကုန်စည်ပို့ဆောင်ရေးသင်္ဘောများ၏ ကုန်စည်သယ်ယူမှု ပမာဏကို လျော့ကျစေပြီး အဓိကကုန်စည်ပို့ဆောင်မှုလမ်းကြောင်းရှိ ကုန်စည်ပို့ဆောင်ခများကို မြင့်တက်စေကြောင်း၊ အာရှမှ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေရှိ ဆိပ်ကမ်းတစ်ခုသို့ ကွန်တိန်နာ တစ်လုံးပို့ဆောင်ခမှာ ၁၇-၇-၂၀၂၄ ရက်တွင် အမေရိကန်ဒေါ်လာ (၇,၈၀၆) ရှိပြီး ယင်းသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၄) ဆပိုများလာသည်ဟု ပို့ဆောင်ရေးအချက်လက် ဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် Xeneta အရ သိရှိရပါကြောင်း၊ အမေရိကန်နိုင်ငံ၊ Seattle ဆိပ်ကမ်းနှင့် Tacoma ဆိပ်ကမ်းများသို့ စုပေါင်းကွန်တိန်နာဖြင့်တင်သွင်းသည့် သွင်းကုန်သည် ဇွန်လတွင် (၄၃) ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ ကွန်တိန်နာအဝင်အထွက် အများဆုံးဂိတ်များဖြစ်သော Los Angeles နှင့် Long Beach တို့တွင် ဇွန်လ၌ ပေ ၂၀ ပတ်လည်ရှိသည့် ကွန်တိန်နာစုစုပေါင်း ၈၄၈,၄၅၁ လုံးအထိ ကုန်သွယ်မှုရှိခဲ့ကြောင်း၊ ယင်းပမာဏသည် မေလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ၎င်းဆိပ်ကမ်းများ၌ သွင်းကုန်အများဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေလအတွင်း New York နှင့် New Jersey ဆိပ်ကမ်းများမှ တင်သွင်းသည့်သွင်းကုန်များသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းတွင် အများဆုံးဖြစ်ကြောင်း၊ သွင်းကုန်တိုးလာသည့် ကုန်စည်များမှာ အဝတ်အထည်၊ ပရိဘောဂနှင့် လျှပ်စစ်ပစ္စည်းများဖြစ်ပြီး ယင်းကုန်စည်များသည် ယခုနှစ် နွေရာသီကျောင်းဖွင့်ချိန်နှင့် နှစ်ကုန်ခရစ်စမတ်ရာသီအတွက် ကြိုတင်၍ ကုန်သိုလှောင်ရုံသို့ ထည့်သွင်းထားခြင်းဖြစ်ကြောင်း၊ အမေရိကန်လက်လီရောင်းချသူများ၏ ရောင်းအားနှင့် ကုန်စည်သိုလှောင်ထားသည့် ပမာဏအချိုးမှာ မေလတွင် (၁.၃၁) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သဖြင့် ယင်းပမာဏသည် ၂၀၂၀ ပြည့်နှစ်၊ မေလနောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်သည်ဟု အမေရိကန် သန်းခေါင်စာရင်းကောက်ယူရေးဗျူရို၏ အချက်အလက်များအရ သိရှိရကြောင်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောထားမတူညီမှုများသည် တဖြည်းဖြည်းတိုးလာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ ခြေအိတ်ဖြန့်ဖြူးရောင်းချသူများအဖွဲ့မှ အမှုဆောင်အရာရှိချုပ် Mr. Matt Priest က ယခုနှစ်နွေရာသီတွင် ၎င်းတို့အနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်မည့် ကွန်တိန်နာများရရှိရန် လျှပ်စစ် မော်တော် ယာဉ်နှင့် ဆက်စပ်အစိတ် အပိုင်းများတင်သွင်းသည့် ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ခဲ့ရသည်ဟု ၎င်းကဆိုကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်နှင့် ဆက်စပ်အစိတ်အပိုင်းများအပေါ် အကောက်ခွန်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယင်းသတ်မှတ်ချက်သည် ဩဂုတ်လ ၁ ရက်တွင် အသက်ဝင်မည်ဖြစ်သဖြင့် ကုန်အမှာစာများကို အလျင်အမြန်မှာယူကြခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလနောက်ပိုင်းတွင် အမေရိကန်လက်လီကုန်စည်ရောင်းချသူများသည် ဝယ်လိုအား အတက်အကျကို ခန့်မှန်းရန်ခက်ခဲခြင်း၊ ကုန်စည်ပြတ်လပ်မှု၊ ကုန်စည်ပို့ဆောင်ရာတွင် နှောင့်နှေးမှုနှင့် ကုန်တင်သင်္ဘောဈေးနှုန်း အတက်အကျမြန်ဆန်မှုတို့ကို ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ကုန်စည်များ လက်ဝယ်၌ စောစီးစွာရရှိထားခြင်းဖြင့် အဆိုပါစိန်ခေါ်မှုများကို ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

         

                                                           

Source:https://www.wsj.com/articles/u-s-importers-are-rushing-goods-in-early-ahead-of-shipping-disruptions-25fd44f3?mod=business_feat2_logistics_pos1

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA