Korea

ပြောင်းလဲလာသောရာသီဥတုအရ တောင်ကိုရီးယားနိုင်ငံတွင် ပန်းသီးပင်များအစား သရက်သီး ပင်များပြောင်းလဲစိုက်ပျိုး

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ရာသီဥတုပူနွေးလာခြင်းကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်ပြီး လူကြိုက်များသည့် ပန်းသီး၊ စပျစ်သီးနှင့် ပန်းသစ်တော်သီးများ စိုက်ပျိုးနိုင်သော ဧရိယာများ လျော့နည်းလာပြီး ယင်းအပင်များအစား သရက်ပင်နှင့် ပင်မှည့်သီးပင်များကို ပြောင်းလဲစိုက်ပျိုး ရန် မျက်စိကျလျက်ရှိပါကြောင်း ဥယျာဉ်ခြံစိုက်ပျိုးရေးနှင့် ဆေးဖက်ဝင်အပင်များသိပ္ပံဆိုင်ရာ အမျိုးသားအဖွဲ့အစည်း (National Institute of Horticultural and Herbal Science) အောက်ရှိ ရာသီဥတုပြောင်းလဲမှုနှင့် စိုက်ပျိုးရေးသုတေသနဌာနမှ အကြီးတန်းသုတေသီ Han Hyun-hee က ပြောကြားပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအရှိဆုံးသော သစ်သီးမှာ ပန်းသီးဖြစ်ကြောင်း၊ ၂၀၇၀ ပြည့်နှစ်တွင် နိုင်ငံ၏မြောက်ပိုင်းအကျဆုံး ဂန်ဝမ်ပြည်နယ်မှလွဲ၍ ပန်းသီးစိုက်ပျိုးသည့် ဧရိ ယာအများစု လျော့ကျသွားဖွယ်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အကြားတွင် ပျမ်းမျှအပူချိန် သည် ၀.၆ ဒီကရီ မြင့်မားလာခဲ့ကြောင်း၊ လက်ရှိတွင် နိုင်ငံ၏အပူပိုင်းဧရိယာသည် စုစုပေါင်းမြေဧရိ ယာ၏ ၆ ရာခိုင်နှုန်းတွင်ရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၅၅.၉ ရာခိုင်နှုန်းအထိ မြင့်မားလာနိုင်ကြောင်း National Institute of Horticultural and Herbal Science မှ ထုတ်ပြန်သော အစီရင်ခံ စာတွင်ဖော်ပြထားပါသည်။

နိုင်ငံတွင်းအပူပိုင်းဧရိယာ မြင့်မားလာသည်နှင့်အမျှ ရာသီသီးနှံများဖြစ်သည့် ပန်းသီး၊ စပျစ်သီးနှင့် ပန်းသစ်တော်သီးများ စိုက်ပျိုးနိုင်သော ဧရိယာအများစု လျော့နည်းသွားမည်ဖြစ်ပြီး ၂၀၉၀ ပြည့်နှစ်တွင် မက်မွန်သီးနှင့် ပန်းသစ်တော်သီးများကို  ဂန်ဝမ်ပြည်နယ်မှလွဲ၍ စိုက်ပျိုး၍ရ မည်မဟုတ်တော့ကြောင်း၊ အရည်အသွေးကောင်းသောစပျစ်သီးများ စိုက်ပျိုးဧရိယာသည်လည်း ၂၀၇၀ ပြည့်နှစ်မှစ၍ လျော့ကျသွားမည်ဖြစ်သည့်အတွက် စိုက်ပျိုးသူများက အပူဒဏ်ခံနိုင်သည့် သစ်သီးများ ပြောင်းလဲစိုက်ပျိုးလာကြပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ ဂျယ်ဂျူး ကျွန်းတွင် ပင်မှည့်သီးများ၊ နဂါးမောက်သီးများနှင့် ငှက်ပျောသီးများ ပြောင်းလဲစိုက်ပျိုးနေကြပြီ ဖြစ်ကြောင်း၊ သင်္ဘောသီးနှင့် အပူပိုင်းချယ်ရီသီးများကိုလည်း Jeolla နှင့်  Gyeongsang ပြည်နယ် များတွင် စိုက်ပျိုးနေကြကြောင်း၊ ယင်းသို့စိုက်ပျိုးရာတွင် အပူချိန်ကိုထိန်းညှိပေးသည့် အဆောက် အဦများ (Greenhouses) ကို အသုံးပြုနေရသော်လည်း ယင်းတို့ကို အသုံးပြုရသည့် ကုန်ကျစရိတ်လျော့နည်းလာသည့်အတွက် အဆင်ပြေကြောင်း National Institute of Horticultural and Herbal Science မှ အကြီးတန်းသုတေသီ Han Hyun-hee က ပြောကြားပါသည်။

၂၀၂၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၌ အပူပိုင်းဒေသသစ်သီးများ စိုက်ပျိုးနေသူအရေအတွက်သည် ၅၅၆ ဦးအထိ ရောက်ရှိလာရာ ၂၀၁၇ ခုနှစ်အတွင်းစိုက်ပျိုးနေသူ အရေအတွက်ထက် ၅၀ ရာခိုင်နှုန်းမြင့်မားလာသည့်အပြင် အပူပိုင်းဒေသသစ်သီးများ စိုက်ပျိုးဧရိယာမှာလည်း ၁၈၆.၈ ဟက်တာအထိ ရောက်ရှိလာရာ ၂၀၁၇ ခုနှစ်အတွင်း စိုက်ပျိုးသည့်ဧရိယာထက် ၇၀ ရာခိုင်နှုန်း မြင့်မားလာကြောင်း၊ ၂၀၂၁ ခုနှစ်အထိ စာရင်းအရ အဓိကစိုက်ပျိုးနေသောအသီးများမှာ သရက်သီး၊ ပင်မှည့်သီးနှင့် ငှက်ပျောသီးတို့ဖြစ်ကြောင်း၊ အပူချိန်ပိုမိုမြင့်မားလာပါက Greenhouses များ တည် ဆောက်ရန်ပင် လိုအပ်မည်မဟုတ်တော့ကြောင်းကို National Institute of Horticultural and Herbal Science မှ ထုတ်ပြန်သော အစီရင်ခံတွင် ဖော်ပြထားပါသည်။

 

 

Source: https://news.koreaherald.com/view.php?ud=20230817000655

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea