Thailand

ထိုင်းနိုင်ငံ၏ ဆေးဖက်ဝင်အပင်များမှ ဆေးဝါးထုတ်လုပ်မှုကို မြှင့်တင်ပေးရန် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်က တိုက်တွန်းခဲ့

Last Updated:

   ထိုင်းနိုင်ငံ၏ ဆေးဖက်ဝင်အပင်များမှထုတ်လုပ်သည့် ဆေးဝါးတင်ပို့မှုတွင် ထိပ်တန်း ၁၀ နိုင်ငံ ဖြစ်နိုင်ရေးအတွက် အဆိုပါ ကဏ္ဍရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ကမ္ဘာ့အဆင့် ယှဉ်ပြိုင်မှုကို တိုးမြှင့်ပေးနိုင်ရေး အစိုးရအနေဖြင့် အထောက်အပံ့ပေးသင့်ကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု နှင့် ထုတ်လုပ်မှုနှင့် ပို့ကုန်များ တိုးမြှင့်ရန် ဘဏ္ဍာငွေမရှိပါကြောင်း စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ပြောကြားခဲ့သည်။

     စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုလွယ်ကူချောမွေ့စေလိုကြောင်း၊ ဆေးဝါးထုတ်လုပ်သူများသည် ဆေးဖက်ဝင်အပင်များမှရရှိသော ဆေးဝါးများမှတ်ပုံတင်ရန် အချိန်ယူဆောင်ရွက်ရပါကြောင်း၊ ဆေးဝါး ကုမ္ပဏီများသည် ကုမ္ပဏီကြီးများနှင့် ကမ္ဘာ့အဆင့်တွင် မယှဉ်ပြိုင်နိုင်ပါကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ထုတ်ကုန်တိုးမြှင့်ရန်နှင့် ပြည်ပတွင် ဈေးကွက်လမ်းကြောင်း များ ချဲ့ထွင်ရန် မည်သို့ဆောင်ရွက်ရမည်ကို မသိပါကြောင်း၊ အစိုးရက စီစဉ်ကျင်းပသည့် ပြည်ပနိုင်ငံ များရှိ ကုန်စည်ပြပွဲများတွင် ဆေးဝါးကုမ္ပဏီများကို ဖိတ်ခေါ်သွားသင့်ကြောင်း စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်၏ ဆေးဖက်ဝင်ဆေးဝါးအသင်း၏ ဥက္ကဋ္ဌ Mr. Sittichai Daengprasert က သုံးသပ် အကြံပြုထားပါသည်။

      အာဆီယံအတွင်း ဆေးဖက်ဝင်အပင်ဆေးဝါးတင်ပို့မှုတွင် ထိုင်းနိုင်ငံသည် ပထမအဆင့် ဖြစ်ပါကြောင်း၊ လာမည့် ၅ နှစ်အတွင်း အာရှတွင်း အဆင့် ၃ ဖြစ်ရန် ရည်ရွယ်ကြိုးပမ်းလျက်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ဆေးဖက်ဝင်အပင်ဆေးဝါးဈေးကွက်မှ ဘတ် ၁၀၀ ဘီလီယံ ရရှိရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ဆေးဖက်ဝင်အပင်ဆေးဝါးသုံးစွဲမှုတွင် အာရှ၌ အဆင့် ၄၊ ကမ္ဘာ့အဆင့် ၇ ဖြစ်ကြောင်း အသင်းက ထုတ်ပြန်ပြောကြားထားပါသည်။

       ပြည်တွင်း ဆေးဖက်ဝင်အပင်များဖြစ်သည့် နနွင်း၊ ဂျင်းနက် နှင့် fa thalai jone (ကြိတ်မန်ရွက် နှင့်ဆင်တူသည်) တို့ကို နိုင်ငံ၏ အကောင်းဆုံးထုတ်ကုန်အဖြစ် အဓိကမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါကာလအတွင်း အဆိုပါ ဆေးဖက်ဝင်အပင်များ၏ အကျိုးအာနိသင်ကို ပိုမိုသိရှိလာကြပြီး ဈေးနှုန်းမြင့်မားသည့် ဆေးဝါးများအသုံးမပြုလိုသူများအတွက် ဆေးဖက်ဝင် အပင်ဆေးဝါးများကို ပိုမို သုံးစွဲလာကြကြောင်း၊ ထိုင်းနိုင်ငံသည် ဂျင်းနက်အတွက် ပြည်ပဈေးကွက်ရရှိရန် အလားအလာ ကောင်းသော်လည်း  နနွင်းနှင့် fa thalai jone (ကြိတ်မန်ရွက်နှင့်ဆင်တူသည်) ဈေးကွက်တွင် အိန္ဒိယ နှင့် တရုတ်ကို ယှဉ်ပြိုင်ရန် ခက်ခဲပါကြောင်း အသင်း၏ ဥက္ကဋ္ဌဟောင်း Mr. Meatha Simavara က သုံးသပ်ထားပါသည်။

       ထိုင်းနိုင်ငံ အစိုးရသည် အသေးစားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှင့် ဈေးကွက်ရရှိရေး အထောက်အပံ့ပေးလျက်ရှိသော ပုဂ္ဂလိက ကဏ္ဍ၏ ထောက်ပြမှုများအရ လိုအပ်ချက်များ ရှိနေပါသေးသည်။ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုအနေဖြင့် ချေးငွေဆိုင်းငံ့ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဈေးကွက်ရှာဖွေပေးနိုင်ရေးအတွက် ပြည်တွင်းကုန်စည်ပြပွဲများ ကျင်းပပေးခြင်း၊ စင်တာများနှင့် လေဆိပ်များတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များကို ပြသရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်ကို လေ့လာသိရှိရပါသည်။ ကဏ္ဍတစ်ခု ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အသိပညာ၊ ဗဟုသုတနှင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုများတွင် လိုအပ်ချက်များရှိနေသေးကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand