Thailand

ထိုင်းနိုင်ငံအတွင်းသို့ အရည်အသွေးနိမ့်ထုတ်ကုန်များ တင်သွင်းလာမှုကြောင့် အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုကို ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနက ဖြေရှင်းသွားရန်ရှိ

Last Updated:

     ထိုင်းနိုင်ငံ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ ဖြင့် ဖွဲ့စည်းထားသော ထိုင်းနိုင်ငံအဖွဲ့ (Team Thailand) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ အဖွဲ့၏ အဓိက လုပ်ငန်းတာဝန်များ မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ အသေးစိတ် အချက်အလက်များ စုဆောင်းရန်နှင့် တရုတ်နိုင်ငံထုတ် ဈေးနှုန်းနိမ့် ကုန်စည်များ တင်သွင်းလျက်ရှိသဖြင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်အောက်မှ တင်သွင်းမည့် သတ်မှတ်ကုန်စည်များကို စိစစ်သွားရန်ဖြစ်ကြောင်း သိရှိ ရပါသည်။

       ဈေးကွက်အတွင်း တရုတ်နိုင်ငံထုတ်ပစ္စည်းများ၏ လွှမ်းမိုးမှုကြောင့် ပြည်တွင်းလုပ်ငန်းရှင် များကို ထိခိုက်လျက်ရှိသည်ဟု စက်မှုလက်မှုအသင်းချုပ်၏ ထောက်ပြအကြံပြုမှုများကို ဝန်ကြီးအနေ ဖြင့် ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း၊ အပြန်အလှန်အကျိုးရှိစေရန် ရည်ရွယ်ချက်ဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကလည်း အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘော တူ စာချုပ်အောက်မှ တင်သွင်းမည့် ကုန်စည်စာရင်းကို တောင်းခံလာပါကြောင်း၊ အချို့ထုတ်ကုန်များ သည် ပြည်တွင်းတွင် မထုတ်လုပ်နိုင်သေးသည်ကို အသင်းချုပ်က ထောက်ပြပါကြောင်း၊ ထိုင်းနိုင်ငံ အဖွဲ့က အဓိကသက်ရောက်မှုရှိသည့် ကုန်စည်စာရင်းများနှင့် ဆုံးရှုံးမှုများနှင့် အကျိုးကျေးဇူးများကို ပြုစုရန်ဖြစ်ကြောင်း ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့သည်။

      လုပ်ငန်းရှင်များအကြံပြုချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်နှင့် ပြည်တွင်းထုတ်ကုန်များ သုံးစွဲမှုမြှင့်တင်ရန် အစိုးရအနေဖြင့် အစီ အမံများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုး တက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသဖြင့် အစိုးရက အကူအညီပေးရန် ဦးတည်ထား သည့် ကဏ္ဍဖြစ်ပါကြောင်း၊ တရုတ်ထုတ်ကုန်များ ဝင်ရောက်မှုကြောင့် ဈေးကွက်တွင် စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် တိုက်ရိုက် တာဝန်ယူဆောင်ရွက်သည့် အဖွဲ့အစည်းမရှိသေးပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

         တရုတ်နိုင်ငံ၏ ဈေးနှုန်းနိမ့် ထုတ်ကုန်များကြောင့် သံမဏိ၊ အလူမီနီယမ်၊ ပလပ်စတစ်၊ ကြွေ ထည်၊ ဇီဝဓာတုနှင့် ဆေးဝါးများ အပါအဝင် ကဏ္ဍ ၂၀ ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များသည် ၎င်းတို့၏ ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချခဲ့သည်ဟု စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ထောက်ပြထားပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၇၀.၈ ဘီလီယံ တင်သွင်းထားပါကြောင်း၊ ထိုင်းနိုင်ငံ လုပ်ငန်းများ၏ ၉၉.၅ ရာခိုင်နှုန်း သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ထိုင်းနိုင်ငံသား ၇၀ ရာခိုင်နှုန်း အလုပ် လုပ်ကိုင်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ GDP ၏ ၃၅.၂ ရာခိုင်နှုန်း (ဘတ် ၆.၁ ထရီလီယံ) ရရှိခဲ့ကြောင်း သိရှိရပါသည်။

       ထိုင်းနိုင်ငံ လုပ်ငန်းများ၏ ၉၉.၅ ရာခိုင်နှုန်းသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များဖြစ်ပြီး တရုတ်နိုင်ငံ၏ ဈေးနှုန်းနိမ့်ထုတ်ကုန်များကြောင့် ထိခိုက်မှုမြင့်မားလျက်ရှိပါသည်။ အစိုးရက ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ဆောင်ရွက်ပေးသော်လည်း ဈေးကွက်အတွင်း ယှဉ်ပြိုင်မှု ရှိရန်လည်း လိုအပ်ပါသေးသည်။ ထို့ကြောင့် တရုတ်ဈေးနှုန်းနိမ့်ထုတ်ကုန်များ တင်သွင်းမှု မြင့်မား လာမည့် အခြေအနေကို ထိန်းသိမ်းရန်မှာ အရေးကြီးဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်ပါကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand