Germany

ဂျာမန် ဘောလုံးအသင်း၏ဝတ်စုံ Adidas မှ Nike သို့ အပြောင်းအလဲကိစ္စအား Habeck ပြောကြား

Last Updated:

ဂျာမနီနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးဖြစ်သူ Mr. Robert Habeck သည် ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) ၏ ဥက္ကဌဖြစ်သူ Mr. Bernd Neuendorf နှင့် ၂၄-၃-၂၀၂၄ ရက် တွင် တွေ့ဆုံစဉ်၌ ဂျာမနီနိုင်ငံ ကိုယ်စားပြုဘောလုံးအသင်း၏ ဝတ်စုံကို လက်ရှိတွင် Adidas ထုတ်လုပ်မှု ကုမ္ပဏီတံဆိပ် အသုံးပြုနေရာမှ Nike သို့ ပြောင်းလဲသုံးစွဲမည့် DFB ၏ ဆုံးဖြတ် ချက်နှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။ ဂျာမန်ဘောလုံးအသင်း၏ အကြီးအကဲများအနေဖြင့်လည်း အမေရိကန်အခြေစိုက် Nike သည် ၂၀၂၄ ခုနှစ်တွင် ဂျာမန်ကုမ္ပဏီဖြစ်သော Adidas ထံမှ လွှဲပြောင်းယူမည်ဟု ယခင်ကပြောကြားခဲ့ဖူးကြောင်း ဖော်ပြထားပါသည်။

အဆိုပါ အပြောင်းအလဲကြောင့် ဂျာမနီတွင် ဂယက်ထခဲ့ပြီး အဆင့်မြင့် နိုင်ငံရေးသမားများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ Mr. Habeck က DFB နှင့် Adidas တို့အကြား နှစ်ပေါင်း (၇၀) ကြာရှိခဲ့သော ဆက်ဆံရေးသည် ဂျာမန်လူမျိုးများအတွက် မှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ၂၂-၃- ၂၀၂၄ ရက်တွင် ချီးကျူးခဲ့ပြီး၊ ၎င်းအနေဖြင့်မူ ယင်းကိစ္စ၌ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် အနည်းငယ် ပိုမိုရှိစေလိုကြောင်း ပြောကြားခဲ့ပါသည်။

DFB ဥက္ကဌ ဖြစ်သူ Neuendorf က Habeck ၏ တုံ့ပြန်မှုအပေါ် အံ့အားသင့်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ Nike ၏ ယခုကမ်းလှမ်းမှုမှာ Adidas ထက် သာလွန်မှုရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ Neuendorf က အဆိုပါ အပြောင်းအလဲအတွက် ၎င်းအနေဖြင့် တောင်းပန်မည်မဟုတ်ကြောင်း၊ သို့သော်လည်း လိုအပ်ချိန်၌ Mr. Habeck နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အဆင်သင့်ရှိခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

၂၄-၃-၂၀၂၄ ရက်တွင် DFB ၏ ဆုံးဖြတ်ချက်နှင့် ဆွေးနွေးပွဲကမ်းလှမ်းချက်များအပေါ် မှတ်ချက်ပေးစဉ်တွင် Habeck ၏ လေသံပျော့ပြောင်းနေပုံရသည်ဟု ဖော်ပြထားပါသည်။

ယခုနှစ်နွေရာသီတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိသော ဥရောပဖလား ဘောလုံးပြိုင်ပွဲအတွက် ၂၃-၃-၂၀၂၄ ရက်က ပြုလုပ်ခဲ့သော ချစ်ကြည် ရေးခြေစမ်းပွဲတွင် ပြင်သစ်ကို ၂-၀ ဖြင့် အနိုင်ရခဲ့သည့် နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်း၏ အောင်ပွဲအတွက် ၎င်းအနေဖြင့် ဂုဏ်ယူပါကြောင်းနှင့် ပျော်ရွှင်မှု၊ ကတိကဝတ်များ၊ စိတ်အားထက်သန်မှုများနှင့်အတူ ဥရောပချန်ပီယံ ဖြစ်ရန် မျှော်လင့်နေပါကြောင်း Habeck က DPA သတင်းဌာနသို့ ၂၃-၃-၂၀၂၄ ရက်က ပြောကြားခဲ့ပါသည်။ အားကစား၊ ရိုးရာယဉ်ကျေးမှု၊ ငွေကြေးအရင်းအနှီးနှင့် လူငယ့်အားကစားကဏ္ဍ မြင့်တင်ခြင်းများအတွက် ပြောဆိုရသည်ကို ၎င်းအနေဖြင့် အမြဲတစေ ဝမ်းမြောက်မိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

Nike သည် DFB သို့ ၂၀၂၇ ခုနှစ်မှ ၂၀၃၄ ခုနှစ်အထိ Bavaria အခြေစိုက် Adidas ၏ လက်ရှိ အစီအစဉ်ထက် တစ်နှစ်လျှင် ယူရိုသန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၀၈ သန်း) ပို၍ပေးလိမ့်မည်ဖြစ်ကြောင်း industry sources များအပေါ် အခြေခံ၍ ဂျာမန်စီးပွားရေးသတင်းစာ Handelsblatt က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ငွေကြေးပိုမိုရရှိလာမှုကြောင့် DFB အနေဖြင့် ဒေသတွင်းအသင်းအဖွဲ့များအပြင် အပျော်တမ်း ဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်းများကိုပါ ရန်ပုံငွေ ပံ့ပိုးပေးနိုင်လိမ့်မည်ဟု DFB မှ စောဒကတက်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Source:         https://www.dw.com/en/germany-habeck-happy-to-talk-about-nike-addidas-switch/a-68655855

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany