China (HongKong)

ဟောင်ကောင်ဒေသ တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) အားကောင်းလာ

Last Updated:

ဟောင်ကောင်ဒေသအနေဖြင့် ဒေသတွင်း၌ ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) ဗဟိုဌာန တစ်ခုဖြစ်လာစေရန်အတွက် cryptocurrency လုပ်ငန်းများကို ဆွဲဆောင်ရေးဆောင်ရွက်ချက်အဖြစ် cryptocurrencyကို ပိုင်ဆိုင်မှုအဖြစ် အသိအမှတ်ပြုသည့် တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် ဟောင်ကောင်ဒေသ၏ vitual ပိုင်ဆိုင်မှုလုပ်ငန်းသည် ပိုမိုအားကောင်းလာကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ထုတ် Business စာစောင်တွင် “Crypto gets boost from landmark judgement” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

မတ်လ ၃၁ ရက်နေ့တွင် ချမှတ်ခဲ့သော အဆိုပါဆုံးဖြတ်ချက်သည် cryptocurrency ကို ပိုင်ဆိုင်မှုအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝအသိအမှတ်ပြုခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ cryptocurrency နှင့်ဆက်စပ် လုပ်ငန်းများအပေါ် ခိုင်မာမှုနှင့် ယုံကြည်မှုရှိလာစေပြီး crypto- currency မှာ အခြားသောမမြင်နိုင်သည့် ပိုင်ဆိုင်မှုများဖြစ်သည့် စတော့ရှယ်ယာ၊ ငွေချေးစာချုပ် နှင့်တန်းတူဖြစ်သွားစေပါသည်။ ယခုကဲ့သို့ ဥပဒေအရ ရှင်းရှင်း လင်းလင်း သတ်မှတ်ပေးလိုက်ခြင်းသည် ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) နှင့်ဆက်နွယ်သည့် ပိုင်ဆိုင်မှုဆိုင်ရာကိစ္စရပ်များအတွက် အထောက်အကူဖြစ်စေသည်ဟု ဟောင်ကောင်ဒေသမှ ရှေ့နေများက ပြောကြား ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် cryptocurrency ကို အမှန်တကယ်ငွေကြေးအဖြစ် အသိအမှတ်မပြုထားသည့် တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသတို့အကြား ပိုမိုကွာခြားမှုဖြစ်သွားစေပါသည်။ ဟောင်ကောင်ဒေသ၏ cryptocurrency ဗဟိုဌာနတစ်ခုဖြစ်လာရေး ကြိုးပမ်းဆောင်ရွက်မှုသည် တစ်နိုင်ငံစနစ်နှစ်ခုစနစ်အရ တည်ရှိနေခြင်းဖြစ်ပြီး အဆိုပါကိစ္စရပ်အတွက် ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်မဘက် မှ သဘောတူညီချက် ရရှိပြီးဖြစ်ကြောင်း  ရေးသားဖော်ပြထားပါသည်။

ထိုသို့ ဟောင်ကောင်ဒေသ၏ cryptocurrency ကို တရားဝင်အသိအမှတ်ပြုခြင်းနှင့် virtual ပိုင်ဆိုင်မှုလုပ်ငန်းများကို မြှင့်တင်ပေးခြင်းအပေါ် တရုတ်ပြည်မတွင် တည်ထောင်ခဲ့သည့် ငွေလဲလုပ်ငန်းအချို့က အာရုံစိုက်လာကြ ပါသည်။ သို့သော် အဆိုပါ ငွေလဲလုပ်ငန်းများသည် ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်း တရုတ်နိုင်ငံမှ စည်းမျဉ်းစည်းကမ်း ကန့်သတ်မှုများကြောင့် တရုတ်ပြည်မမှ ထွက်ခွာခဲ့ပြီးဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ပထမဆုံး ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) ငွေလဲ လုပ်ငန်းတစ်ခုဖြစ်သည့် Gatecoin သည် ၂၀၁၉ ခုနှစ်တွင် လုပ်ငန်းများတဖြည်းဖြည်း ရပ်တန့်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည့် Gatecoin သည် ၂၀၁၆ ခုနှစ် ဖြစ်ပွားခဲ့သည့် Hack ခံရမှုကြောင့် လုပ်ငန်းအပ်နှံသူ (clients) များ၏ ပိုင်ဆိုင်မှု ၂၁.၄ သန်း ဆုံးရှုံးခဲ့ရပြီး၊ ဟောင်ကောင်အခြေစိုက်ဘဏ် ၉ ခုမှ ၎င်းတို့၏ Gatecoin  အကောင့်များကို ပိတ်သိမ်းခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

စီးပွားရေးသံမှူး၊ဟောင်ကောင်

Category: China (HongKong)