China (HongKong)

ရှန့်ဟိုင်မြို့၏ ဗဟိုချက်မှ ဟောင်ကောင်ကုမ္ပဏီများကို ထောက်ပံ့ကြေးဖြင့်ဆွဲဆောင်

Last Updated:

ရှန့်ဟိုင်မြို့၏ အချက်အချာကျသည့် ခရိုင်တစ်ခုဖြစ်သော ရှူဟွေ့ (Xuhui) ခရိုင်အနေဖြင့် ဟောင်ကောင်ဒေသမှ စီးပွားရေးလုပ်ငန်းနှင့် ကျွမ်းကျင်သူများကို ယွမ် ၁၇ သန်း (ဟောင်ကောင် ဒေါ်လာ ၁၉.၃ သန်း) ထောက်ပံ့ ပေးခြင်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီများကို  စီးပွားဖြစ်နှင့် နေထိုင်မှုများအတွက် မြေစတုရန်းမီတာ ၂ သန်း အကျယ်ရှိသည့် မြေကွက် ၁၂ ကွက်ကို လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ထုတ် Business စာစောင်တွင် “Shanghai hub lures HK firms with Subsidies” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဟောင်ကောင်ဒေသမှ လုပ်ငန်းများအနေဖြင့် ရှူဟွေ့တွင် လုပ်ငန်းဆောင်ရွက်မည်ဆိုပါက စတင်တည်ထောင်မှုအတွက် ယွမ်ငွေ ၅ သန်း နှင့် ရုံးခန်း ငှားရမ်းမှုထောက်ပံ့ကြေးအဖြစ် ယွမ်ငွေ ၁၂ သန်း ပေးအပ်မည်ဖြစ်ကြောင်း တရုတ်ပြည်မ၏ ဘဏ္ဍာရေးဗဟိုဌာနတစ်ခု ဖြစ်သည့် ရှူဟွေ့ဒေသ အစိုးရကပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ရှူဟွေ့ဒေသတိုးတက်မှုတွင် ဟောင်ကောင်ဒေသမှ လုပ်ငန်းများအနေဖြင့် အင်ပြည့်အားပြည့်ပါဝင်နေပြီး ဒေသ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံကျော်ရှိကြောင်း၊ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကိုတိုးမြှင့်ပြီး အကျိုးအမြတ်မြှင့်တင်နိုင်ရန် မျှော်လင့်သည်ဟု ရှူဟွေ့ပါတီအတွင်းရေးမှူး Cao Liqing က ပြီးခဲ့သည့် သောကြာနေ့က ဟောင်ကောင်တွင်ပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ရှင်းလင်းပြော ကြားမှုတွင် ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

သတ်မှတ်ထားသည့် လုပ်ငန်းနယ်ပယ်များအတွက် ဟောင်ကောင်ဒေသမှ ကျွမ်းကျင်ပညာရှင်များအနေဖြင့် ရှူဟွေ့ဒေသသို့ လာလုပ်ကိုင်ရောက်ပါက လစဉ်အိမ်ငှားခထောက်ပံ့မှုယွမ် ၁၀၀၀ မှ ၂၀၀၀၊ ကျန်းမာရေးဆိုင်ရာ အစီအစဉ်များနှင့် ဟောင်ကောင်နှင့် ရှန့်ဟိုင်ကြား အလွယ်တကူသွားလာခွင့်အတွက် Green Pass တစ်ခုထုတ်ပေးခြင်းကဲ့သို့ မူဝါဒများချထားရှိခြင်းဖြင့် ကြိုဆိုသွားမည်ဖြစ်ကြောင်း ရှူဟွေ့ဒေသရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ရှူဟွေ့ဒေသမှ ဦးစားပေးသည့် လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ အသက်နှင့် ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ခေတ်မီဘဏ္ဍာရေး (modern finance)၊ ကာဗွန် ထုတ်လုပ်မှုနည်းသော စွမ်းအင်နှင့် intelligent vehicles လုပ်ငန်းများပါဝင်ပါသည်။ ယမန်နှစ်အတွင်း ရှူဟွေ့ဒေသသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့မှုမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၁.၉ ရာခိုင်နှုန်းမြင့်တက်ကာ တန်ဖိုးအားဖြင့် ယွမ် ၁.၂၄ ဘီလီယံ ရှိပြီး ရှန့်ဟိုင်ဒေသရှိ ခရိုင်အားလုံးတွင် အမြင့်ဆုံးတိုးတက်မှုဖြစ်သည်ဟု စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ဟောင်ကောင်

Category: China (HongKong)