Thailand

ထိုင်းနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်သွားမည်

Last Updated:

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိသော ၎င်း၏ပို့ကုန်များ နှေးကွေးလာသဖြင့် ထုတ်ကုန်များအတွက် အလားအလာကောင်းသော ဈေးကွက်အသစ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံသို့ ဈေးကွက်ချဲ့ထွင်သွားမည် ဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံသည် အရှေ့အလယ်ပိုင်း၏ ဝင်ပေါက်တစ်ခုဖြစ်ပြီး ဈေးကွက်အလားအလာအကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ယခင်နှစ်က ထိုင်းနိုင်ငံ၊ Joint Standing Committee on Commerce, Industry and Banking (JSCCIB) နှင့် ဆော်ဒီအာရေဗျနိုင်ငံ၊ Chamber of Commerce တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံဖက်မှ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံစေလိုကြောင်း ထိုင်းစက်မှုလက်မှုအသင်းချုပ် (the Federation of Thai Industries –FTI) က ပြောကြားခဲ့ပါသည်။

FTI က ၎င်းတို့အနေဖြင့် ကုန်သွယ်မှု အကျိုးအမြတ်များ၊ အလုပ်အကိုင်နှင့် ရင်းနှီး မြှုပ်နှံမှုများအတွက် “Vision 2030” ၏ ဆွဲဆောင်မှုအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ တန်ဖိုးရှိသော mega-city Neom တည်ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံသည် ကောင်းမွန်ပါကြောင်း ဆိုပါသည်။

Neom သည် ဆော်ဒီအာရေဗျနိုင်ငံ Tabuk ပြည်နယ်၏ အနောက်မြောက် ပင်လယ် နီကမ်းရိုးတန်းပေါ်တွင် တည်ရှိပြီး ဆော်ဒီအာရေဗျနိုင်ငံ အစိုးရကလောင်စာဆီအပေါ် မှီခိုမှုနည်းပါးပြီး မတူညီသော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်တည်ထောင်ထားသော smart city တစ်ခုဖြစ်ပါသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် ထိုင်းနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ အစားအစာများ၊ မော်တော်ကားများနှင့် မော်တော်ကားအစိတ်အပိုင်းများကို စိတ်ဝင်စားလျက်ရှိကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံသည် လူဦးရေ ၃၆ သန်း ရှိပြီး GDP တိုးတက်မှုနှုန်းမှာ G20 နိုင်ငံများတွင် အမြင့်ဆုံးအဆင့်တွင် ရှိကြောင်း FTI က ဆိုပါသည်။

ဆော်ဒီအာရေဗျရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံ၏ အရှေ့ဘက်ပင်လယ်ပြင်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ပြေးစီမံချက် တစ်ခုဖြစ်သည့် Eastern Economic Corridor (EEC) တွင် စွမ်းအင်ကဏ္ဍအပါအဝင် စီးပွားရေးလုပ်ငန်းအများအပြားတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြပြီး ယခင်နှစ်က Chon Buri၊ Rayong နှင့် Chachoengsao တို့ရှိ ဇုန်များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များရရှိရန် ဆော်ဒီ Chamber of Commerce မှ တာဝန်ရှိသူများ လာရောက်ခဲ့ကြောင်း FTI က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

 

 

 

(ဗန်ကောက်မြို့၊ စီးပွားရေးသံမှူး)

Source: www.bangkok.com

 

Category: Thailand