China (HongKong)

၁၂ နှစ်အတွင်း ဟောင်ကောင်ဒေသရှိ စီးပွားရေးလုပ်ငန်းငယ်များ၏ အကောင်းမြင်ဆုံး အချိန် ဖြစ်ကြောင်း စစ်တမ်းတွင်ဖော်ပြ

Last Updated:

ဟောင်ကောင်ဒေသအစိုးရ၏ စီးပွားရေးတိုးတက်မှုဆောင်ရွက်ချက်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်မှုကြောင့် ၁၂ နှစ်အတွင်း ဟောင်ကောင်ဒေသရှိ စီးပွားရေးလုပ်ငန်းငယ်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးဆောင်ရွက်ချက် အပေါ် အကောင်းမြင်ဆုံးအချိန်ဖြစ်သည်ဟု CPA Australia ၏ စစ်တမ်းတစ်ခုတွင်ဖော်ပြထားကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ထုတ် Business စာစောင်တွင် “Small Businesses most optimistic in 12 years: survey” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

စစ်တမ်းကောက်ယူသည့် ဟောင်ကောင်ဒေသမှ စီးပွားရေးလုပ်ငန်းများအနက် ၆၆ ရာခိုင်နှုန်းအနေဖြင့် ယခုနှစ်တွင် ၎င်းတို့လုပ်ငန်းများ တိုးတက်လာမည်ဟု မျှော်မှန်းထားပြီး၊ ၇၄ ရာခိုင်နှုန်းမှာ ပြည်ပဈေးကွက်တွင် ပိုမို ရောင်းချနိုင်မည်ဟုမျှော်လင့်ထားသည်ဟု ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည့်စစ်တမ်းတွင် ဖော်ပြထားပါကြောင်း ရေးသားဖော်ပြထားပါသည်။

စီးပွားရေးလုပ်ငန်းများ၏ ထိုကဲ့သို့ အကောင်းမြင်လာမှုသည် လွန်ခဲ့သည့် ၃နှစ်အတွင်း တိုးတက်မှုနှေးကွေးခဲ့သည့်ဒေသ၏ စီးပွားရေးပြန်လည် ဦးမော့လာမှုကို တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အကူပြုကြောင်း CPA Australia မှ Greater China ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ Cliff Ip ကပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ပြီးခဲ့သည့် သုံးလပတ်တွင် ဟောင်ကောင်ဒေသ၏ စီးပွားရေးသည် တိုးတက်မှုအနည်းငယ်သာရှိနိုင်ကြောင်း၊ တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသအကြား နယ်စပ်ပြန်ဖွင့်ပြီးနောက် စားသုံးမှုနှင့် ပို့ကုန်တင်ပို့မှုများ တိုးတက် လာသောကြောင့် လက်ရှိသုံးလပတ်တွင် တိုးတက်မှုနှုန်း ပိုမိုကောင်းမွန်လာနိုင်သည်ဟု  ဟောင်ကောင်ဒေသဘဏ္ဍာရေးဝန်ကြီး Paul Chan Mo-po က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် ၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည့် ဟောင်ကောင်ဒေသ၏ စီးပွားရေးသည် ယခုနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားပါသည်။ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံးရလဒ်အနေဖြင့် ဖေဖော်ဝါရီလတွင် လက်လီရောင်းချမှုသည် ယခင်နှစ်ရောင်းအားထက် ၃၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ မတ်လအတွင်း ကမ္ဘာ့လှည့်ခရီးသည်လာရောက်မှု ၂.၄၅ သန်း လာရောက်ခဲ့မှုကြောင့် ဖေဖော်ဝါရီလအတွင်း ဟောင်ကောင်ဒေသသို့လာရောက်သည့် ခရီးသည်သွားအရေအတွက် ထက် ၆၈ ရာခိုင်နှုန်း မြင့်တက်သွားကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသည် နယ်စပ်ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသ၊ အရှေ့တောင်အာရှဒေသတို့နှင့် ကုန်သွယ်မှုခိုင်မာစေရန်နှင့် မြှင့်တင်‌နိုင်ရေးအတွက် လုပ်ဆောင်နေသကဲ့သို့ ဘဏ္ဍာရေးဗဟိုအချက် အခြာအဖြစ် ဖန်တီးတည်ဆောက်သွားနိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲကြီးများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံများကို လက်ခံကျင်းပခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအစိုးရမှ ဒေသခံစီးပွားရေးလုပ်ငန်းများသို့ပေးသည့် မက်လုံးများမှာလည်း လုပ်ငန်းများကို အထောက်အကူဖြစ်စေကြောင်း၊ လုပ်ငန်းများ၏ ၇၄ ရာခိုင်နှုန်းသည် ထောက်ပံ့ကြေးသို့မဟုတ် လုပ်ငန်းရန်ပုံငွေ များ ရရှိထားသောကြောင့် စစ်တမ်းတွင်ပါဝင်ဖြေဆိုသည့် လုပ်ငန်းများ၏ ၅၆ ရာခိုင်နှုန်းမှ ၎င်းတို့လုပ်ငန်းများသည် ၂၀၂၂ ခုနှစ်တွင် တိုးတက်လာကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

လုပ်သားခေါ်ယူမှုအနေဖြင့် အလားအလာကောင်းပြီး လုပ်ငန်းငယ်များ၏ ၅၈ ရာခိုင်နှုန်းမှာ ယခုနှစ်တွင် ၎င်းတို့၏ ဝန်ထမ်းအင်အားတိုးမြှင့်ခန့်ထားရန် မျှော်လင့်ထားကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ထိုသို့ဝန်ထမ်းအင်အား တိုးမြှင့် ခန့်ထားမည့် လုပ်ငန်းမှာ ၂၆ ရာခိုင်နှုန်းသာရှိကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ဟောင်ကောင်

Category: China (HongKong)