Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုရှိနိုင်သောကဏ္ဍ (၁၁) ရပ်ရှိကြောင်း EU မှ Advovacy Papers ထုတ်ပြန်ပေး

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုရှိနိုင်သော ကဏ္ဍ (၁၁) ရပ်ရှိကြောင်း ရေးသားထုတ်ပြန်ထားသည့် Advocacy Paper အား The European Chamber of Commerce of the Phillippines (ECCP) နှင့်  EU-ASEAN Business Council (EU-ABC) တို့မှ ဖိလစ်ပိုင်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။  ဖိလစ်ပိုင်နိုင်ငံ၊ Metro Manila, Makati City တွင် ၂၅-၅-၂၀၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် 10th European-Philippines Business Dialogue တွင် EU Business Groups မှ အဆိုပါ စာတမ်းတွင် ဖော်ပြထားသည့် FDI အတွက် ဆွဲဆောင်မှုရှိနေသော ကဏ္ဍ (၁၁) ခုမှာ စိုက်ပျိုးရေးကဏ္ဍ၊ မော်တော်ယာဉ်ကဏ္ဍ၊ အကောက်ခွန်နှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ကဏ္ဍ၊ အစားအသောက်နှင့်အဖျော်ယမကာကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်နှင့်ပညာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံနှင့်လေကြောင်းကဏ္ဍ၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင်လုံလောက်မှုဆိုင်ရာကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ဖြစ်ပါသည်။  ယခုစာတမ်းသည် ကဏ္ဍအသီးသီးမှပါဝင်ပက်သက်သူများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားနိုင်သောကဏ္ဍများအနေဖြင့် ကူညီထောက်ပံ့ပေးနိုင်သည့် အချက်အလက်များပါဝင်ကြောင်း ECCP မှ Executive Director ဖြစ်သူ Florian Gottein မှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံအစိုးရနှင့် စက်မှုကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသူများအနေဖြင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရသည့်ကြားမှ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်စေရန် နှစ်ပေါင်းများစွားကြိုးပမ်းဆောင်ရွက်ခဲ့ရပါကြောင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အဆင့်မြှင့်တင်ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ယခုကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းက နိုင်ငံ၏ကုန်သွယ်မှုနှင့်ပမာဏကြီးမားသောရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာနိုင်ကြောင်းလည်း ECCP ၏ ဥက္ကဋ္ဌဖြစ်သူ Lars Wittig မှ ထည့်သွင်းပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးကဏ္ဍရှိ ဆန်နှင့်ပြောင်းလုပ်ငန်းကဏ္ဍအပေါ် ဖြေလျှော့မှုများဆောင်ရွက်ပေးနိုင်ပါက စားနပ်ရိက္ခာဖူလုံရေးနှင့်လက်တလောဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေခြင်းအား လျှော့ချပေးနိုင်မည်ဖြစ်သည့်အတွက် အဆိုပါကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်နိုင်ရေး လိုအပ်သည့်ဥပဒေများအား ပြန်လည်သုံးသပ်ပြီး ပြင်ဆင်စေလိုကြောင်း အကြံပြုတင်ပြခဲ့ပါသည်။ ၁၉၆၀ခုနှစ်ဥပဒေအရ ပြောင်းလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်ခြင်းအား  တင်းကြပ်စွာကန့်သတ်ထားပါကြောင်းနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပါသီးနှံများ ကုန်သွယ်မှုအနေဖြင့် လိုအပ်သော သယ်ယူပို့ဆောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချီခြင်းစသည့်တို့ကို လုပ်ကိုင်ခွင့်တားမြစ်ထားကြောင်း ၂၀၂၃ ခုနှစ် Advocacy Paper ၏ စိုက်ပျိုးရေးကဏ္ဍတွင် အကြံပြုရေးသားဖော်ပြထားပါသည်။

ထို့ပြင် ရေအရင်းအမြစ်ကဏ္ဍတွင်လည်း သောက်သုံးရေသန့်စင်ခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး ရေအရင်းအမြစ်စီမံခန့်ခွဲမှုဌာန Water Resources Department အား ဖွဲ့စည်းတည်ထောင်ရန် နိုင်ငံတော်သမ္မတရုံးအဖွဲ့ထံသို့ အကြံပြုတင်ပြလိုပါကြောင်း၊ ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် Advocacy Paper တွင် Foreign Investment Act, Public Service Act, Retail Trade Liberalization Act တို့အား ပြင်ဆင်‌ရေးဆွဲသင့်ကြောင်း အကြံပြုခဲ့ပြီးနောက် ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများတွင် ၁၀၀ရာခိုင်နှုန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုခဲ့သည်ကို တွေ့ရှိရပါသည်။

ထိုသို့ပြင်ဆင်ရေးဆွဲခဲ့ခြင်းက ဖိလစ်ပိုင်နိုင်ငံ၏နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDIs ကဏ္ဍတွင် EU သာမက အခြားနိုင်ငံများမှလည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာနိုင်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ယခုအချိန်ထက် ပိုမိုကောင်းမွန် သောအချိန်မရှိနိုင်ကြောင်း၊ ထို့ပြင် ယခု  Advocacy Paper  သည် EU မှ ဖိလစ်ပိုင်နိုင်ငံသို့ တစ်ဖက်သတ်ပေးထားသည့် အခွင့် အရေး EU Generalized Scheme Preferences Plus (GSP+) နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘော တူညီချက် EU-PH Free Trade Agreement (FTA) အား ပိုမိုအဆင့်မြှင့် ဆောင်ရွက်နိုင်ရေး ကူညီထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် EU နှင့် ကုန်သွယ်မှုမှ EU GSP+ အခွင့်အရေးအား ၇၆ရာခိုင်နှုန်းရရှိခဲ့ပြီး EU GSP+ ရရှိသောနိုင်ငံများထဲတွင် အမြင့်ဆုံးရရှိသောနိုင်ငံတစ်ခုဖြစ်လာပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအတွက် EU GSP+ မှာ ၂၀၂၃ ခုနှစ်ထဲတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: Phillippines