Thailand

အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က နှစ်နိုင်ငံအစိုးရသဘောတူညီချက်များမှတစ်ဆင့် ထိုင်းဆန် ဝယ်ယူရန် စိတ်ဝင်စားလာမှုကြောင့် ထိုင်းဆန် ဝယ်လိုအား မြင့်တက်နေဆဲဖြစ်

Last Updated:

အင်ဒိုနီးရှားနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ငံအများစုက ထိုင်းဆန်များကို နှစ်နိုင်ငံ သဘောတူညီချက်များမှတစ်ဆင့်ဝယ်ယူရန် စိတ်ဝင်စားလာသဖြင့် ကမ္ဘာ့ဈေးကွက်တွင် ထိုင်းဆန်ဝယ်လိုအား မြင့်တက်လျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ဆန်တန်ချိန် ၈ သန်းကျော် တင်ပို့သွားနိုင်မည်ဖြစ်ကြောင်း ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ronnarong Phoolpipat က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံနှင့် အရေးကြီးသောကုန်သွယ်ရေး မိတ်ဖက်များအကြား ဆက်သွယ်မှု ခိုင်မာစေရေးအတွက် စေ့စပ်ဆွေးနွေးရန် အစိုးရနှင့် ပုဂ္ဂလိကမှ ကိုယ်စားလှယ်များအား ဇူလိုင်လတွင် ဖိလစ်ပိုင်သို့ လည်းကောင်း၊ ဩဂုတ်လတွင် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့ လည်းကောင်း စေလွှတ်သွားရန် စီစဉ်ထားပါကြောင်း၊ အယ်လ်နီနိုရာသီဥတု ဖြစ်စဉ်များ၏ သက်ရောက်မှုအပေါ် ပူပန်မှု မြင့်တက်လာသည်နှင့်အမျှ အင်ဒိုနီးရှားက ပြည်တွင်းစားသုံးမှု မပြတ်တောက်စေရေးအတွက် ထိုင်းဆန်တင်သွင်းမှုကို မြှင့်တင်လိုကြောင်း ၎င်းက ဆိုပါသည်။

အင်ဒိုနီးရှားက နှစ်နိုင်ငံအစိုးရအကြား သဘောတူညီချက်များမှတစ်ဆင့် ထိုင်းဆန်ဝယ်ယူရန်စိတ်ဝင်စားပါကြောင်း၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ပုဂ္ဂလိကပါဝင်မှုကို ဦးစားပေးသဖြင့် ဆန်ကို ယင်းနည်းလမ်းမှတစ်ဆင့် ရောင်းချရန် မူဝါဒမရှိသေးပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း G2G ကို စိတ်ဝင်စားပါကြောင်း အခြေအနေကို ဖြည့်စွက်ရှင်းလင်းပါသည်။

ထိုင်းဆန်နှင့် ထိုင်း Hom Mali ဆန်များ၏ အရောင်းမြှင့်တင်ရေးအပြင် သက်သေခံအမှတ် အသားများနှင့်စပ်လျဉ်း၍ Mr. Ronnarong ၏ ဇွန် ၁၁ ရက် ၁၅ ရက်အတွင်း ဟောင်ကောင်နှင့် ပေကျင်းတို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ထိုင်းဆန်၏ အရည်အသွေးနှင့် စံနှုန်းများကို ရှင်းလင်းခဲ့ပါကြောင်း၊ ထိုင်းဆန်တင်ပို့သူများအသင်း၏ ကိုယ်စားလှယ်များကလည်း လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် တင်သွင်းခြင်းတို့တွင် ပါဝင်ဆောင်ရွက်သွားရန် ‌တရုတ်အစိုးရပိုင် အဖွဲ့အစည်းဖြစ်သည့် Cofco Corporation နှင့် ဆွေးနွေးခဲ့ပါကြောင်း Mr. Ronnarong က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် တရုတ်သို့ နှစ်စဉ်ဆန်ဖြူနှင့် Hom Mali အပါအဝင် ဆန်တန်ချိန် ၆၀၀,၀၀၀ မှ ၇၀၀,၀၀၀ တင်ပို့ပါကြောင်း၊ ဟောင်ကောင်က Hom Mali အပါအဝင် တန်ချိန် ၁၇၀,၀၀၀ မှ ၁၈၈,၀၀၀ တင်သွင်းသဖြင့် ထိုင်း Hom Mali ဆန်အတွက် နံပါတ် ၁ နိုင်ငံခြား ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ဆန်ဈေးကွက်၏ ၆၀ ရာခိုင်နှုန်းကို ဟောင်ကောင်တွင် ဈေးကွက်လွှမ်းမိုးမှုရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း ဆန်တန်ချိန် ၃.၄၇ သန်း တင်ပို့ပြီးဖြစ်ကြောင်း  Mr.Ronnarong ၏ ပြောကြားချက်အရ သိရှိရပါသည်။

 

Source: www.bangkokpost.gov   

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand