Korea

တောင်ကိုရီးယားနိုင်ငံသမ္မတယွန်ဆုခ်ယော်၏ ဗီယက်နမ်နိုင်ငံသို့သွားသည့် ခရီးစဉ်သည် ကာကွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများ၏ အစုရှယ်ယာတန်ဖိုးကို မြင့်မားစေခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံ သမ္မတယွန်ဆုခ်ယော်၏ ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရေကြောင်းလုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူခဲ့ကြပါသည်။ ယင်းသို့ သဘောတူညီခဲ့ကြခြင်းကြောင့် တောင်ကိုရီးယားမှ ဗီယက်နမ်နိုင်ငံသို့ လက်နက်တင်ပို့မှု မြင့်မားလာမည်ဟု ခန့်မှန်းလာကြသည့်အတွက် တောင်ကိုရီးယားပြည်တွင်း ကာကွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများ၏ အစုရှယ်ယာတန်ဖိုးများ မြင့်မားလာခဲ့ပါသည်။

ကမ္ဘာ့လက်နက်ရောင်းချမှု ထိပ်တန်းစာရင်းဝင် (၄) နိုင်ငံတွင်နေရာတစ်ခုရလာစေရန် ရည်မှန်းထားသည့် သမ္မတယွန်း၏ လက်နက်ရောင်းချမှုဆိုင်ရာ သံတမန်ရေးရာမူဝါဒ၏ ကျေးဇူးအရ ဖောက်ခွဲရေးပစ္စည်းများထုတ်လုပ်သည့် Hanwha Group သည် အကျိုးအမြတ်များစွာရရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့အထိ စာရင်းအရ Hanwha ARIRANG K-Defense exchange traded-fund (ETF) သည် တစ်ပတ်အတွင်း ရင်းနှီးမြှုပ်နှံမှုမှ အမြတ်ငွေရရှိမှုမှာ ၁၃.၉၄ ရာခိုင်နှုန်းအထိ ရောက်ရှိမြင့်မားခဲ့သည်ဟု Hanwha Asset Management ၏ စာရင်းဇယားများတွင် ဖော်ပြထားပါသည်။

ခေတ်မီလက်နက်များ ပြောင်းလဲတပ်ဆင်ရန် စီစဉ်နေသည့် ဗီယက်နမ်နိုင်ငံသို့ လက်နက်တင်ပို့ရောင်းချရေး ဆွေးနွေးရန် Hanwha Group ဒုတိယဥက္ကဋ္ဌ၊ Hanwha Aerospace ၏ CEO နှင့် Korea Aerospace Industries (KAI) ၏ CEO တို့သည် သမ္မတယွန်း သွားရောက်သည့် ခရီးစဉ်တွင် လိုက်ပါသွားရောက်ခဲ့ကြပါသည်။ ဗီယက်နမ်နိုင်ငံသည် ခေတ်မီလက်နက်များ ပြောင်းလဲတပ်ဆင်ရန် လာမည့် (၅) နှစ်မှ (၇) နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံ သုံးစွဲရန်လျာထားပါသည်။

၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက ဗီယက်နမ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးသည် Hanwha Aerospace မှ အရာထမ်းများနှင့်တွေ့ဆုံစဉ် အလိုအလျောက် ကျည်ဖြည့်စနစ်ပါသော တင့်ကားများ (K9 self -propelled howitzers) ကို စိတ်ဝင်စားမှုရှိခဲ့ပါသည်။ KAI ၏ ပြည်တွင်း ထုတ်ဘက်စုံသုံး ရဟတ်ယာဉ်များ (Surion Helicopters) ကိုလည်း စိတ်ဝင်စားမှုရှိမည်ဟု KAI က မျှော်လင့်ထားပါသည်။ အဆိုပါ အခြေအနေများကြောင့် Hanwha Aerospace ၏ ရှယ်ယာတန်ဖိုးသည် ယခင်ရက်သတ္တပတ် အစောပိုင်းနှင့် နှိုင်းယှဉ်လျှင် ၁၅.၀၆ ရာခိုင်နှုန်း မြင့်မားလာခဲ့သည်ဟု Korea Exchange ၏ စာရင်းအချက်အလက်များတွင် ဖော်ပြထားပါသည်။

 

Source: https://www.koreatimes.co.kr  

(စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: Korea