Thailand

တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) Chips များ ပြတ်လပ်မှု သက်သာလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်နိုင်မှု တိုးမြင့်လာ

Last Updated:

ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductors)ပြတ်လပ်မှုမှ သက်သာလာပြီ ဖြစ်၍ ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုသည် မေလအတွင်း ကားအစီးရေ ၁၅၀, ၅၃၂ စီးအထိ တိုးမြင့်လာကြောင်း၊ ဇန်နဝါရီလမှ မေလအတွင်း ပြည်တွင်းမော်တော်ကားထုတ်လုပ်မှုသည် ၇၇၅,၉၉၅ စီးဖြစ်ကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ၊ Automotive Industry Club ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Surapong PAisitpatanapong က ပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမ ၅ လအတွင်း ပြည်တွင်းရောင်းချရန်သာမ ပြည်ပသို့ တင်ပို့ရန်အတွက်ပါ မော်တော်ကား ထုတ်လုပ်မှု အရေအတွက် တိုးမြင့်လာခြင်းဖြစ်ကြောင်း၊ ပြည်ပတင်ပို့ရန်အတွက် ၄၄၅,၇၄၆ စီးထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်းဈေးကွက်အတွက် ၃၃၀,၂၀၉ စီးထုတ်လုပ်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မော်တော်ကားထုတ်လုပ်မှုကို အစီးရေ ၁.၉၅ သန်းထိ ထုတ်လုပ်ရန် ရည်မှန်းထားပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းမော်တော်ကားထုတ်လုပ်မှုတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductors) ပြတ်လပ်မှုနှင့် တရုတ်၏ အသွားအလာကန့်သတ်မှု အခြေအနေများကြောင့် ရိုက်ခတ်မှုများရှိခဲ့ပါကြောင်း၊ ဝယ်ယူသူများအတွက် ချေးငွေအာမခံချက်များ ပိုမိုတင်းကြပ်လာသဖြင့် ပြည်တွင်းရောင်းဝယ်မှုသည် အနည်းငယ်ကျဆင်းနေပါကြောင်း၊ ငွေချေးသူများက အိမ်ထောင်စုတွင် ကြွေးမြီမြင့်မားလာမှု၊ နေထိုင်စရိတ်မြင့်မားလာမှုနှင့် အတိုးနှုန်းမြင့်မားလာမည်ကို စိုးရိမ်နေပါကြောင်း ဆက်လက်ပြောကြားပါသည်။

ထိုင်းဘဏ်နှင့် ဘဏ္ဍာရေးမူဝါဒရုံးတို့ ပူးပေါင်း၍ မူကြမ်းရေးဆွဲထားသော ဥပဒေအသစ်သည် မော်တော်ကားအရစ်ကျဝယ်ယူမှုများနှင့် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ် ငှားရမ်းသူများကို ကြီးကြပ်ရန်ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း၊ ယင်းဥပဒေသည် အိမ်ထောင်စုကြွေးမြီများကို သင့်တင့်သောအဆင့်တွင် ထိန်းထားခြင်းဖြင့် နိုင်ငံ၏ဘဏ္ဍာရေးအရ တည်ငြိမ်မှုကို ထိန်းထားရန်ဖြစ်ကြောင်း၊ ဝယ်ယူသူများကို ကြွေးမြီဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမှလည်း ကာကွယ်ပေးရန်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပါသည်။

အသင်း၏ ပြောကြားချက်အရ ပြည်ပဈေးကွက်သို့ မော်တော်ကားရောင်းချနိုင်မှုသည် မေလတွင်ကောင်းမွန်ပါကြောင်း၊ တင်ပို့သည့် အစီးရေ ၈၆,၃၅၈ စီးဖြစ်ကြောင်းနှင့် ဂျပန်၊ အရှေ့ပိုင်းဒေသ၊ အာဖရိက၊ ဥရောပနှင့်အမေရိကန် တို့မှ မှာယူခြင်းဖြစ်ကြောင်းသိရှိရပါသည်။

 

 

Source: www.bangkokpost.gov   

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand