Thailand

ထိုင်းအစိုးရက မလေးရှားနှင့် ကုန်သွယ်မှုကို မြှင့်တင်သွားမည်ဖြစ်

Last Updated:

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏကို ဘတ် ၁.၀၂ ထရီလီယံထိ တိုးတက်ရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေးအတွက် မလေးရှားအာဏာပိုင်များနှင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပူးတွဲကုန်သွယ်ရေးကော်မတီ (Joint Trade Committee) ကို ကျင်းပသွားနိုင်ရေးမျှော်လင့်ပါကြောင်း အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Rachada Dhnadirek က ပြောကြားပါသည်။

အရှေ့တောင်အာရှနိုင်ငံများအနက် မလေးရှားနိုင်ငံကို ထိုင်း၏ အဆင့် ၁ ကုန်သွယ်ရေး မိတ်ဖက်အဖြစ် စဉ်းစားထားပါကြောင်း၊ ယခင်နှစ်က နှစ်နိုင်ငံကုန်သွယ်မှု ဘတ် ၃၃၆ ဘီလီယံရှိခဲ့ကြောင်း၊ အဓိကအားဖြင့် မော်တော်ယာဉ်၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ဆီ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်ကြောင်း ဆက်လက်ပြောကြားပါသည်။

ဇူလိုင် ၁၄ ရက်က ထိုင်းကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန ကိုယ်စားလှယ်များက မလေးရှားနိုင်ငံသို့သွားရောက်ခဲ့ပါကြောင်း၊ ပြည်တွင်းကုန်သွယ်ရေးနှင့်နေထိုင်မှုစရိတ်ဝန်ကြီးဌာန၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Datuk Azman Mohd Yusof နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ Franchise လုပ်ငန်းများ၊ပြည်တွင်းကုန်သွယ်ရေးပွဲများနှင့် နယ်စပ်ကုန်သွယ်ရေးပြန်လည်ကောင်းမွန်စေရေး အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါကြောင်း၊ အရောင်းပြပွဲများ အပြန်အလှန် တက်ရောက်ခြင်းဖြင့် ကုန်သွယ်ရေးမိတ်ဖက်များအဖြစ် တည်ဆောက်သွားကြရန်ဖြစ်ကြောင်း Ms. Rachada က ဖြည့် စွက် ပြောကြားပါသည်။

ထိုင်းလုပ်ငန်းရှင်များက မလေးရှားနိုင်ငံအတွင်း လယ်ယာထုတ်ကုန်များ၊ ဆောက်လုပ်ရေးနှင့် စားသောက်ဆိုင်လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ရှာဖွေနေပါကြောင်း၊ ဈေးကွက်နှင့် မိတ်ဖက်ချဲ့ထွင်နိုင်ရေးအတွက် အစိုးရအနေဖြင့် မလေးရှားတွင် “I love Thailand Fair” ခေါင်းစဉ်ဖြင့် halal အစားအစာပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

 

 

 

Source: www.bangkok post. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand