Korea

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်မှုအပေါ် ထိပ်တန်းစီးပွားရေးခေါင်းဆောင်များက ဆန့်ကျင်သည့် ကြေညာချက်ထုတ်ပြန်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာဥပဒေ (Commercial Act) ကို ပြန်လည်ပြင်ဆင်မည့်အစီအမံကို ကန့်ကွက်သည့်ပူးတွဲကြေညာချက်တစ်ရပ်ကို အဓိက လုပ်ငန်းစုကြီးများမှ ထိပ်တန်းအမှုဆောင်အရာရှိများက ၂၁-၁၁-၂၀၂၄ ရက်နေ့တွင် အရေးတကြီး ထုတ်ပြန်ခဲ့ပါသည်။ 

Commercial Act ကို ပြန်လည် ပြင်ဆင်မည့်အစီအစဉ်သည် ရှယ်ယာရှင်များကို  ပိုမိုအခွင့်အရေးပေးရန် ရည်ရွယ်ထားသည့်အတွက် ကုမ္ပဏီကြီးများ၏ ကြီးထွားမှုအဟုန်ကို ထိခိုက်စေလိမ့်မည်ဟု ပူးတွဲကြေညာချက် (Joint Statement) တွင်ဖော်ပြထားပါသည်။ ယခုကဲ့သို့ အဓိကကုမ္ပဏီကြီးများနှင့် စီးပွားရေးအကျိုးဆောင်အုပ်စု (Business Lobby Group) တစ်ခုဖြစ်သည့် ကိုရီးယားစက်မှုလက်မှုလုပ်ငန်းများအဖွဲ့ချုပ် (Federation of Korean Industries- FKI) တို့ပူးပေါင်း၍ ကြေညာချက်ထုတ်ပြန်ခြင်းသည် အလွန်ရှားပါးသည့်ဖြစ်စဉ် ဖြစ်ပါသည်။ အဆိုပါကြေညာချက်မျိုးကို အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ (The Middle East respiratory syndrome- MERS) ကပ်ရောဂါအပါအဝင် အမျိုးမျိုးသောစိန်ခေါ်မှုများကို နိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေခဲ့ရသည့် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ဖူးပါသည်။

Commercial Act ကို ပြန်လည်ပြင်ဆင်မည့်အစီအစဉ်ကို အဓိကအတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ဦီးဆောင်အဆိုပြုခြင်းဖြစ်ပါသည်။ လက်ရှိ Commercial Act အရ ရှယ်ယာရှင်များသည် ၎င်းတို့၏ကုမ္ပဏီများအတွက်သာ တာဝန်ရှိသော်လည်း ပြန်လည်ပြင်ဆင်မည့် Commercial Act တွင် အစုရှယ်ယာရှင်များ၏ အခွင့်အရေးများကို ကာကွယ်ရန်အတွက် ဒါရိုက်တာအဖွဲ့ကို ပိုမိုတာဝန်ယူစေရေး ပြင်ဆင်ရေးဆွဲသွားရန်ရည်ရွယ်ထားပါသည်။ ယင်းကဲ့သို့ ပြင်ဆင်ရေးဆွဲဖြစ်ပါက ပြည်ပတွင်အခြေစိုက်သည့် အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများက မကြာခဏ တရားစွဲဆိုမှုများခံရနိုင်မည့်အရေးကို ကုမ္ပဏီများက စိုးရိမ်လျက်ရှိကြသည်ဟု FKI နှင့် စီးပွားရေးလုပ်ငန်းများမှ အမှုဆောင်များက Joint Statement ထုတ်ပြန်အပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ကိုရီးယားစတော့ဈေးကွက်ကို ပိုမိုဆွဲဆောင်မှုရှိစေရန်အတွက် ရှယ်ယာရှင်များနှင့်ဆက်ဆံရေးကို မြှင့်တင်သွားမည်ဟုလည်း FKI နှင့်စီးပွားရေး ခေါင်းဆောင်များက သတင်းစာရှင်းလင်းပွဲတွင် ကတိပြုခဲ့ကြပါသည်။ နိုင်ငံ၏ပို့ကုန်များ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်နိုင်ရန် အသေးစားနှင့် အလတ်စား လုပ်ငန်းများအား နည်းပညာဆိုင်ရာအထောက်အပံ့များ ပံ့ပိုးကူညီပေးသွားမည်ဟုလည်း ကတိပြုခဲ့ကြပါသည်။

Commercial Act ကို ပြန်လည်ပြင်ဆင်မည့် အစီအစဉ်သည် ကိုရီးယားကုမ္ပဏီအများစု၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလျော့ကျစေပြီး နိုင်ငံ၏ စတော့စျေးကွက်တန်ဖိုးကို အားနည်းစေမည်ကိုလည်း စိုးရိမ်နေကြကြောင်း FKI ဒုတိယဥက္ကဋ္ဌ Mr. Kim Chang-beom က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့်လည်း စီးပွားရေးကို ပြန်လည်အသက်သွင်းရန် “စည်းမျဉ်းဥပဒေများကို ဖြေလျှော့ပေးခြင်း” ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်သင့်ကြောင်း၊ ထိုမျှသာမက နယ်ပယ်အသီးသီးရှိ ဥပဒေစည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သင့် ကြောင်း၊ ဉာဏ်ရည်တု (Artificial Intelligence)၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ Secondary Batteries နှင့် ရွေ့လျားသွားလာမှုကဲ့သို့သော ကဏ္ဍများတွင် အထောက်အပံ့ပေးရန် အားထုတ်မှုများကို မလျှော့ချသင့်ကြောင်းကိုလည်း Joint Statement တွင်ဖော်ပြထားပါသည်။

စီးပွားရေးတိုးတက်မှု မြှင့်တင်ရေးနှင့် နိုင်ငံ၏ ပို့ကုန်တင်ပို့မှုယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေး တို့တွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် ကတိပြုထားသည့်အပြင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးရန်၊ ပြည်တွင်း သို့မဟုတ် ပြည်ပမှစိန်ခေါ်မှုများ၏ လွှမ်းမိုးခံရမှုမှ ကင်းလွတ်နိုင်ပြီး ဝင်ငွေရရှိမှုကောင်းသည့် နယ်ပယ်သစ်များရှာဖွေသွားရန်နှင့် ဈေးကွက်သစ်များရရှိပြီး နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း ဖြင့် ကိုရီးယား စီးပွားရေး တိုးတက်မှုအင်ဂျင်ကို ပြန်လည် အသက်သွင်းရန် အာရုံစိုက်သွားကြမည် ဖြစ်ပါကြောင်းကိုလည်း Joint Statement တွင် ဖော်ပြထားပါသည်။ Joint Statement ထုတ်ပြန် မှုတွင် Samsung Electronics၊ SK Supex၊ Hyundai Motor၊ LG၊ Lotte၊ HD Hyundai၊ GS၊ CJ ၊ Doosan နှင့် Hanwha အစရှိသည့် စီးပွားရေးလုပ်ငန်းကြီးများမှ ထိပ်တန်းအမှုဆောင်စုစုပေါင်း ၁၆ ဦး ပါဝင်ခဲ့ပါသည်။

Source: https://www.koreatimes.co.kr/www/tech/2024/11/129_386833.html

စီးပွားရေးသံမှူး၊ဆိုးလ်မြို့

Category: Korea