မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)က နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ၎င်း၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နာနတ်သီး အဓိကစိုက်ပျိုးသည့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တည်ရှိပြီး နာနတ်သီးများကို ပုံမှန်အားဖြင့် ဇွန်လမှ စက်တင်ဘာလအတွင်း ခူးဆွတ်လေ့ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့တွင် အဆိုပါလမ်းကြောင်းကို တရားဝင်ရပ်ဆိုင်းခဲ့ရာ မြန်မာ့နာနတ်သီးလုပ်ငန်းများအတွက် သိသိသာသာ ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များသည် ထိုင်း၊ စင်္ကာပူနှင့် အခြားနိုင်ငံများတွင် အစားထိုးဈေးကွက်များ ရှာဖွေခဲ့သော်လည်း တင်ပို့မှုပမာဏမှာ နည်းပါးနေသေးကြောင်း သိရသည်။
နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် ယခုအခါတွင် မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးတွင် ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
GACC ၏ ကြေညာချက်အရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသည် တရုတ်နိုင်ငံသို့ တင်ပို့လိုသော နာနတ်သီး စိုက်ခင်းများနှင့် ထုပ်ပိုးသည့် စက်ရုံများကို မှတ်ပုံတင်ရန် လိုအပ်ကြောင်း၊ အဆိုပါစိုက်ခင်းများနှင့် လုပ်ငန်းများကို GACC မှ အတည်ပြုသွားမည်ဖြစ်ပြီး ၎င်း၏ဝဘ်ဆိုဒ်တွင် အတည်ပြုထားသောစာရင်းကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် စိုက်ပျိုးသူများအနေဖြင့် ပြည့်စုံသော အရည်အသွေးစီမံခန့်ခွဲမှုနှင့် ခြေရာခံနိုင်မှုစနစ်များ ထူထောင်ရန်နှင့် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် ပိုးမွှားစီမံခန့်ခွဲမှုနည်းစနစ်များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အသီးများနှင့် အရွက်များတွင် အင်းဆက်ပိုးမွှားများ၊ ခရုများ၊ မြက်မျိုးစေ့များ၊ အပင်အကြွင်းအကျန်များနှင့် မြေကြီးကဲ့သို့ အမှိုက်များကင်းစင်စေရန်အတွက် ထုပ်ပိုးမှုလုပ်ငန်းစဉ်အတွင်း လက်ဖြင့်စီခြင်း၊ စစ်ဆေးခြင်း၊ ရေဖြင့်ပွတ်တိုက်ဆေးကြောခြင်း သို့မဟုတ် ဖိအားမြင့်ရေပိုက်ဖြင့် ဆေးကြောသန့်စင်ခြင်း ကဲ့သို့သော လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
နာနတ်သီးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက စိုးရိမ်ရကြောင်း သတ်မှတ်ထားသည့် ပိုးမွှား(၅) မျိုးမှာ the spiraling whitefly (Aleurodicus dispersus)၊ gray pineapple mealybug (Dysmicoccus neobrevipes)၊ passionvine mealybug (Planococcus minor)၊ Jack Beardsley mealybug (Pseudococcus jackbeardsleyi) နှင့် the fungal plant pathogen Fusarium sacchari တို့ ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှုစတင်ပြီးနောက် ပထမ(၂)နှစ်အတွင်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များသည် ကုန်ပစ္စည်းတင်ပို့မှု တစ်ခုစီအတွက် (၂)ရာခိုင်နှုန်းထက်မနည်းသော နမူနာများကို စစ်ဆေးရန်လိုအပ်ကြောင်း၊ ထိုနှစ်နှစ်အတွင်း ပိုးမွှားဆိုင်ရာ ပြဿနာများ မပေါ်ပေါက်ပါက နမူနာနှုန်းကို (၁)ရာခိုင်နှုန်းသို့ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
Source: https://www.producereport.com/article/fresh-myanmar-pineapples-granted-china-market-access
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)