တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် သတ်မှတ်ထားသော ပိုးမွှားကင်းရှင်းရေးဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီသည့် အင်ဒိုနီးရှားနိုင်ငံမှ အုန်းသီးစိမ်းများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ၎င်း၏ ဝက်ဘ်ဆိုဒ်မှ ကြေငြာခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားသည် အုန်းသီးအဓိကထုတ်လုပ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အုန်းသီးအထွက်နှုန်းသည် မက်ထရစ်တန် (၂.၈၃)သန်းအထိ ရောက်ရှိခဲ့ပြီး အုန်းသီးထုတ်ကုန်များ တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ(၁.၅၅)ဘီလီယံရှိကာ ကမ္ဘာ့ဈေးကွက်ဝေစု၏ (၃၈.၃) ရာခိုင်နှုန်းရှိကြောင်း၊ အဓိကတင်ပို့သည့်နေရာများမှာ တရုတ်၊ မလေးရှားနှင့် စင်ကာပူတို့ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ အဓိကတင်ပို့သည့် အုန်းသီးထုတ်ကုန်များမှာ အုန်းဆီနှင့် ဆက်စပ် ပစ္စည်းများ၊ အုန်းနို့၊ အုန်းမှုတ်ခွက်မီးသွေးနှင့် ခြစ်ထားသော အုန်းသီးများ ပါဝင်ကြောင်း သိရသည်။
GACC ၏ ကြေညာချက်အရ တရုတ်နိုင်ငံသို့ တင်ပို့လိုသော အုန်းခြံများနှင့် ထုပ်ပိုးသည့် စက်ရုံများကို အင်ဒိုနီးရှားနိုင်ငံ၏ Quarantine Agency က မှတ်ပုံတင်ရန် လိုအပ်ကြောင်း၊ ယင်းစိုက်ခင်းများနှင့် စက်ရုံများကို GACC မှ အတည်ပြုမည်ဖြစ်ပြီး ၎င်း၏ဝဘ်ဆိုဒ်တွင် အတည်ပြုထားသောစာရင်းများကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
တစ်ချိန်တည်းတွင် အုန်းခြံများသည် ခြေရာခံခြင်းစနစ်များကို ထူထောင်ရန်နှင့် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် ပိုးမွှားစီမံခန့်ခွဲမှုနည်းစနစ်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ထုပ်ပိုးသည့်စက်ရုံများသည် သန့်ရှင်းမှုရှိရန်၊ ကုန်ကြမ်းသိုလှောင်မှုအတွက် သတ်မှတ်ထားသောနေရာနှင့် ကုန်ချောပစ္စည်းများအတွက် ဂိုဒေါင်တစ်ခုတို့ပါရှိရမည်ဖြစ်ကြောင်း သိရသည်။
ပိုးမွှားများ၊ ပုပ်နေသောအသီးများ၊ အကိုင်းအခက်များ၊ အရွက်များ၊ အမြစ်များနှင့် မြေဆီလွှာများ မပါရှိစေရန်အတွက် ထုပ်ပိုးသည့်လုပ်ငန်းစဉ်အတွင်း ပိုးမွှားများ သို့မဟုတ် ပုံပျက်နေသော အသီးများကို ဖယ်ရှားခြင်း၊ အသီးများကို စီတန်းခြင်း၊ အဆင့်သတ်မှတ်ခြင်းနှင့် သန့်ရှင်းခြင်းစသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံမှ အုန်းသီးစိမ်းများနှင့်စပ်လျဉ်း၍ စိုးရိမ်ရသော ပိုးမွှား(၆)ခုမှာ the spiraling whitefly (Aleurodicus dispersus)၊ black thread scale (Ischnaspis longirostris)၊ guava long scale (Lepidosaphes tapleyi)၊ coffee mealybug (Planococcus lilacinus)၊ passionvine mealybug (Planococcus minor) နှင့် stellate scale (Vinsonia stellifera)တို့ဖြစ်ကြောင်း သိရသည်။
စတင် တင်ပို့သည့် ပထမ(၂)နှစ်အတွင်းတွင် အင်ဒိုနီးရှားအာဏာပိုင်များသည် တင်ပို့မှု တစ်ခုစီအတွက် (၂)ရာခိုင်နှုန်းထက်မနည်းသော နမူနာများကို စစ်ဆေးရမည်ဖြစ်ပြီး ဤနှစ်နှစ် တာကာလအတွင်း ပိုးမွှားဆိုင်ရာပြဿနာများ မတွေ့ရှိပါက နမူနာနှုန်းကို (၁)ရာခိုင်နှုန်းသို့ လျှော့ချနိုင်ကြောင်း သိရသည်။
Source: https://www.producereport.com/article/fresh-indonesian-coconuts-granted-china-market-access
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)