Germany

ဂျာမနီနိုင်ငံတွင် ဆက်တိုက်ဖြစ်ပေါ်နေသော ဆန္ဒပြ သပိတ်မှောက်မှုများကို ကိုးကားပြီး ဂျာမန်ဗဟိုဘဏ်က စီးပွားရေးကျဆင်းမှုကို သတိပေး

Last Updated:

ဂျာမနီနိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်နေခဲ့သော သပိတ်မှောက်မှုများကြောင့် အများပြည်သူသုံးစွဲနေသော သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လေဆိပ်များကဲ့သို့ အခြေခံအဆောက်အအုံများအပေါ် သက်ရောက်မှုများရှိခဲ့သဖြင့် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်အကုန်တွင် နည်းပညာဆိုင်ရာဆုတ်ယုတ်မှုများ ရှိလာနိုင်ကြောင်း ဂျာမန်ဗဟိုဘဏ် Bundesbank က ၁၉-၂-၂၀၂၄ ရက်တွင် သတိပေးခဲ့သည်။

ရထားနှင့် လေကြောင်းခရီးသွားကဏ္ဍများတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှု အမျိုးမျိုးကြောင့် ထုတ်လုပ်မှု လျော့ကျခဲ့ခြင်းကို ငြင်းဆို၍ မရနိုင်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။ အလုပ်သမားသမဂ္ဂ Verdi မှ လေဆိပ်ဝန်ထမ်းများက ၂၀-၂-၂၀၂၄ ရက်တွင် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာ ဂျာမန်လေဆိပ်များအပေါ် သက်ရောက်မှုရှိခဲ့ပါသည်။

ဂျာမနီနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၃ ခုနှစ်၏ နောက်ဆုံး သုံးလပတ်တွင် ၀.၃ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်တွင်လည်း စီးပွားရေးလုပ်ဆောင်ချက်များ ကျဆင်းလာနိုင်ဖွယ်ရှိသဖြင့် ဂျာမန်စီးပွားရေးတွင် သုံးလပတ် နှစ်ကြိမ်ဆက်တိုက် ဆုတ်ယုတ်မှုများ ရှိလာနိုင်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။ သို့သော်လည်း ဖြစ်ပေါ်လာနိုင်သော စီးပွားရေးကျဆင်းမှု၏ အချိန်ကာလမှာ တိုတောင်းလိမ့်မည်ဟု ၎င်းတို့အနေဖြင့် ယုံကြည်ကြောင်း ဗဟိုဘဏ်က အလေးပေးဖော်ပြခဲ့သည်။ ယူကရိန်းကို ရုရှားမှ ကျူးကျော်စစ် စတင်ခဲ့သည့် အချိန်ကတည်းက ဖြစ်ပေါ်ခဲ့သော ဂျာမနီ၏ စီးပွားရေးအားနည်းမှုသည်လည်း ဆက်လက်ဖြစ်ပေါ်နေလိမ့်ဦးမည်ဟု ဗဟိုဘဏ်က ရေးသားဖော်ပြထားခဲ့သည်။ 

ဗဟိုဘဏ်သည် ဂျာမနီတွင် နေထိုင်ကြသူများအတွက် ငွေရေးကြေးရေးကဏ္ဍ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်သဖြင့် စားသုံးမှုကဏ္ဍတွင် အပြုသဘောဆောင်သော အလားအလာများ ရှိလာသကဲ့သို့ ယင်း၏ရလာဒ်အဖြစ် အလုပ်အကိုင်များ ပေါများလာခြင်း၊ လုပ်ခလစာများမြင့်တက်လာခြင်းနှင့် ဂျာမနီနှင့် ဥရောပ၏ ငွေကြေးဖောင်းပွမှု စံသတ်မှတ်ချက် ဖြစ်သော ၂ ရာခိုင်နှုန်းသို့ ရောက်ရှိသွားနိုင်ခြင်း စသည့်အခြေအနေကောင်းများကို  ဖြစ်ပေါ်လာစေနိုင်ပါသည်။   

ဇန်နဝါရီလတွင် ဖြစ်ပေါ်နေသော ဂျာမနီ၏ ငွေကြေးဖောင်းပွမှုနှုန်း ၂.၉ ရာခိုင်နှုန်းသည် နှစ်နှစ်ခွဲဝန်းကျင်ကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေခြင်းဖြစ်ရာ များမကြာမီကာလအတွင်း အနည်းအကျဉ်း ဆက်လက်လျော့ကျသွားဖွယ်ရှိကြောင်း ဗဟိုဘဏ်ကဆိုထားပါသည်။

ကိုဗစ်ကပ်ရောဂါ၏ နောက်ဆက်တွဲ အခြေအနေများနှင့်  ရုရှားမှ ယူကရိန်းကို  ကျူးကျော်တိုက်ခိုက်မှုများကြောင့် လောင်စာဆီနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာသဖြင့် လူနေမှုစရိတ် မြင့်မားလာခြင်းနှင့် Supply Chain ဖိအားများ များပြားခဲ့သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားခဲ့ပြီးဖြစ်ရာ လတ်တလောအနေအထားတွင် တိုးတက်မှုများရှိနေသော်လည်း စားသုံးသူများအနေဖြင့် သတိထား ၍ ဆက်လက်နေထိုင်ဆောင်ရွက်သွားရန်နှင့် ဂျာမန် ထုတ်ကုန်ပစ္စည်းများအပေါ် ဝယ်လိုအား သိသိသာသာ လျော့ကျသွားခြင်းသည် ဂျာမနီနိုင်ငံ၏ အရေးကြီးသော ပို့ကုန်ဈေးကွက်အပေါ် ဖိအားများရှိလာနိုင်ကြောင်းလည်း ဗဟိုဘဏ်က သတိပေးခဲ့သည်။

ဂျာမန်စက်မှုလုပ်ငန်းအဖွဲ့ချုပ် (၂) ခုမှ အကြီးအကဲများက စီးပွားရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအား ကောင်းလာစေရေးအတွက် Public Investment များ ပိုမိုပြုလုပ်ပေးရန် ၁၉-၂-၂၀၂၄ ရက်က ပြုလုပ်ခဲ့သည့် ဗီဒီယိုကွန်ဖရင့်တစ်ခုအတွင်း အစိုးရကို ကတိကဝတ်ပြုရန် တောင်းဆိုခဲ့ကြသည်။

Institute for Economic Research (Ifo) ၏ အကြီးအကဲဖြစ်သူ Mr. Clemens Fuest က စားသုံးသူများအနေဖြင့် ယခုအချိန်အထိ အတည်တကျ မဖြစ်သေးကြောင်းနှင့် ယခုပထမ သုံးလပတ်အတွက် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများမှာလည်း လွန်စွာဆိုးရွားနေသေးကြောင်း ဆိုထားပါသည်။ Public Investment များ မြှင့်တင်နိုင်မှု အမျိုးမျိုးအတွက် သဘောတူညီမှုများ ရရှိနိုင်ရန် အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့အနေဖြင့် အင်အားကြီးအတိုက်အခံများဖြစ်ကြသော  CDU/CSU နှင့် ဆက်သွယ်ဆောင်ရွက်ရန် ၎င်းကအကြံပြုထားသည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် ယုံကြည်မှုကို တည်ဆောက်နိုင်မည့် ခြေလှမ်းများဖြစ်ပြီး၊ Public Investment များအပေါ် ချက်ချင်း အကူအညီပေးနိုင်လိမ့်မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

The German Institute for Economic Research (DIW) ၏ ဥက္ကဋ္ဌကလည်း အခြေခံ အဆောက်အအုံ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ပညာရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် နိုင်ငံရေးခေါင်းဆောင်များကို တွန်းအားပေးနေကြကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ ငွေကြေးတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် ပြောင်းလဲမှုပြုလုပ်ရာတွင် များစွာတန်ဖိုးကျဆင်းနေပြီး ယူရိုကြောင့် ငွေကြေးတန်ဖိုးကျဆင်းမှုကို မခံစားရသော ဂျာမနီနိုင်ငံ၏ အောက်သို့ ရောက်ရှိနေပါသဖြင့် ယင်းသို့သော ပြဿနာများအကြားတွင် ပြီးခဲ့သော သီတင်းပတ်၌ကမ္ဘာ့တတိယ အကြီးဆုံးစီးပွားရေးနိုင်ငံမှာ ဂျာမနီနိုင်ငံ တရားဝင်ဖြစ်လာခဲ့ပါသည်။

 

 

Source:         https://www.dw.com/en/german-central-bank-warns-of-recession-citing-strikes/a-68300874

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany