Germany

ဂျာမနီတွင် Tesla ကားစက်ရုံတိုးချဲ့တည်ဆောက်မည့် အစီအစဉ်အပေါ် ဒေသခံများက ကန့်ကွက်မဲပေးခဲ့

Last Updated:

Grünheide မြို့ရှိ ကြီးမားသော Tesla ဂျာမန်ကားစက်ရုံကြီး၏ လုပ်ငန်းခွင်အနီးအနားတွင် နေထိုင်ကြသည့် ဒေသခံများသည် စက်ရုံတိုးချဲ့မည့် အစီအစဉ်နှင့် စပ်လျဉ်းပြီး ဒေသအာဏာပိုင်များနှင့် တိုင်ပင်ညှိနှိုင်းပြုလုပ်ထားသော စည်းနှောင်မှုမရှိသည့် အများပြည်သူဆိုင်ရာ စစ်တမ်းတစ်ခုတွင် ဆန့်ကျင်ဆန္ဒမဲပေးခဲ့ကြသည်။

အဆိုပါစစ်တမ်းတွင် ပါဝင်သူများပြားခဲ့ကာ ဆန္ဒမဲအနေဖြင့် ကန့်ကွက်မဲ (၃,၄၉၉) မဲနှင့် ထောက်ခံမဲ (၁,၈၈၂) မဲရရှိခဲ့ပါသည်။ ယင်းစစ်တမ်းတွင် ပါဝင်ကြသည့် အရေအတွက်သည် လူနေထိုင်မှုနည်းပါးပြီး ပိုလန်နိုင်ငံနယ်စပ်နှင့်နီးကပ်သော အရှေ့ဘာလင်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိနေပါသည်။

ရလဒ်များကို ၂၀-၂-၂၀၂၄ ရက် ညနေပိုင်းတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးမှလူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။

Elon Musk ပိုင်ဆိုင်သော Tesla သည် မီးရထားကုန်စည်ပို့ဆောင်ရေး သိုလှောင်ရုံ (၁) ခုနှင့် ဝန်ထမ်းများ၏ ကလေးငယ်များအတွက် မူလတန်းကျောင်း (၁) ကျောင်းကို တည်ဆောက်ရန် စီစဉ်နေပါ သည်။ ယခုတိုးချဲ့တည်ဆောက်မည့် အစီအစဉ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေအနီးတွင် နေထိုင်ကြသောလူဦးရေ (၈,၀၀၀) အောက်သာရှိသည့် ကျေးလက်နေလူထုအတွက် သစ်တောဧရိယာ ဟက်တာ (၁၀၀) ခန့် (ဧက ၂၅၀ ခန့်) ခုတ်လှဲရမည့် အနေအထားသို့ ဦးတည်သွားမည်ဖြစ်ပါသည်။

Tesla ၏ စက်ရုံသည် အဝေးပြေးလမ်းဆုံတစ်ခုအနီးရှိ ရပ်ရွာဗဟိုချက်၏ အနောက်တောင်ဘက်တွင် တည်ရှိပါသည်။ စက်ရုံတည်ရှိရာ Grünheide မြို့သည် ရေကန်နှစ်ခုကြားတွင် တည်ရှိသည့်အတွက် ယင်းတိုးချဲ့မှုကို ဆောင်ရွက်မည်ဆိုပါက စီမံကိန်း၏ တစ်စိတ်တစ်ဒေသသည် ရေကာကွယ်ရေးဇုန်ကို သက်ရောက်မှုရှိလိမ့်မည်ဟု ဆန့်ကျင်ကန့်ကွက်သူများက ပြောကြားခဲ့ကြသည်။

Brandenburg ပြည်နယ်၏ စီးပွားရေးဝန်ကြီးဖြစ်သူ Jörg Steinbach ကလည်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အမေရိကန် လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးတို့ အနေဖြင့် ယခုထွက်ပေါ်လာသော ရလဒ်အပေါ် ကောင်းစွာညှိနှိုင်းအဖြေရှာ၍ အခွင့်အလမ်းတစ်ခု ဖြစ်လာစေရန် ကြိုးစားသင့်ကြောင်း ရလဒ်များထုတ်ပြန်ပြီး များမကြာမီတွင် တိုက်တွန်း ပြောကြားခဲ့သည်။ ယခုကိစ္စသည် လူအများ၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများဆီသို့ ဦးတည်သွားနေသည်ကို ပြသနေကြောင်း ၎င်းက dpa သတင်းဌာနသို့ ဆက်လက်ပြောကြားခဲ့သည်။ ယခုကိစ္စအတွက် အဖြေရှာရန် အရေးကြီးကြောင်း၊ လာမည့် ရက်သတ္တပတ်များနှင့် လများအတွင်း ၎င်းတို့တွင် စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်နေမည်ဖြစ်ရာ ယင်းကာလအတွင်း ကျိုးကြောင်းခိုင်လုံ သောအဖြေများ ရှာဖွေနိုင်ရေးအတွက် ယခုဆန္ဒမဲရလဒ်သည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်  Tesla တို့အတွက် စေ့ဆော်မှုတစ်ခုဖြစ်လာမည်ဟု ၎င်းအနေဖြင့် ထင်မြင်မိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

 

 

Source:         https://www.dw.com/en/tesla-in-germany-locals-vote-against-factory-expansion-plan/a-68313010

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany