Phillippines

မလေးရှားနိုင်ငံဆိုင်ရာဖိလစ်ပိုင်သံရုံး၊ ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုစင်တာနှင့် မလေးရှား ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့အကြား ဖိလစ်ပိုင်-မလေးရှား နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံး၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုစင်တာ(PTIC-KL) နှင့် မလေးရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း(MICCI)တို့သည်      ဖိလစ်ပိုင်-မလေးရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် မလေးရှားနိုင်ငံရှိ ဖိလစ်ပိုင်သံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။        

မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံး၊ PTIC-KL နှင့် MICCI တို့အကြား ဆက်ဆံရေးပိုမိုခိုင်မာလာစေရန်၊ ဖိလစ်ပိုင်-မလေးရှား နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအား တိုးမြင့်ဆောင်ရွက်ရန် ရည်ရွယ်ပြီးလက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်းဖော်ပြပါရှိပြီး နားလည်မှုစာချွန်လွှာအား မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Charles C. Jose၊ မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စီးပွားရေးသံမှူး Norjamin G. Delos Reyes နှင့် MICCI ဥက္ကဋ္ဌ Ms.Christina Tee တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

သံအမတ်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မလေးရှားနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသော ဖိလစ်ပိုင်ကုမ္ပဏီများစွာရှိပြီး အဆိုပါကုမ္ပဏီများအတွက် အဓိကရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လက်မှတ်ရေးထိုးခဲ့ခြင်းအားဖြင့် မလေးရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်မှုရရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အခြားညီနောင်အသင်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် သတင်းအချက်အလက်များမှာ လုပ်ငန်းဆောင်ရွက်ရာတွင် လွန်စွာအရေးပါကြောင်း ပြောကြားခဲ့ပါသည်။

ထပ်မံ၍ သံအမတ်ကြီးမှ လတ်တလော မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ၏ ခရီးစဉ်တွင် ဖိလစ်ပိုင်-မလေးရှား နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ယခုထက်ပိုမိုခိုင်မာအားကောင်းလာစေရန် တွန်းအားတစ်ခုလိုအပ်ကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလများတွင် နှစ်နိုင်ငံစလုံး စီးပွားရေးနာလန်ပြန်ထူလာစေရန်အတွက် ကဏ္ဍအသစ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်ကြောင်း၊ MICCI အနေဖြင့်လည်း နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ပိုမိုအားကောင်းလာစေရန်ထားရှိသည့် စီးပွားရေးဦးတည်ချက်များအား အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

MICCI အနေဖြင့်လည်း အခြားတစ်ဖက်တွင် ပြည်တွင်းဈေးကွက်အားကောင်းလာစေရန်နှင့် လုပ်သားအင်အားများပြားသည့် တိုင်းပြည်ဖြစ်လာစေရန်အတွက် အလားအလာရှိသော စီးပွားရေးအခွင့်အလမ်းများ ချဲ့ထွင်သွားရန်နှင့်  အဖွဲ့ဝင်အသစ်များပါဝင်လာရေး၊ ဖိလစ်ပိုင်နိုင်ငံရှိ မလေးရှား လုပ်ငန်းရှင်များနှင့်လည်း ဆက်သွယ်ဆောင်ရွက်သွားစေလိုကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ လတ်တလော အခွန်ပြုပြင်ပြောင်းလဲရေးအစီအစဉ်ပါ ဥပဒေ (၄)ခု ဖြစ်သည့် စီးပွားရေးလုပ်ငန်းများအား အခွန်သက်သာခွင့်များပေးခြင်းဆိုင်ရာ The Republic Act No;11534၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြင်ဆင်ခြင်းဆိုင်ရာ The Republic Act No;11647၊ လက်လီကုန်သွယ် ရေးဖြေလျှော့မှုများဥပဒေပြင်ဆင်ခြင်းဆိုင်ရာ The Republic Act No;11595 နှင့် အများပြည်သူသို့ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ The Republic Act No;11659 တို့အား ပြင်ဆင်ခြင်းသည် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအား ပိုမိုဆွဲဆောင်လာနိုင်ကြောင်းနှင့်  ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုဝန်းကျင်ကောင်းအား ဖန်တီးပေးနိုင်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စီးပွားရေးသံမှူး က ပြောကြားခဲ့ ပါသည်။

အခမ်းအနားသို့ မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး၊ စီးပွားရေး သံမှူးနှင့် ၁၈၃၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် မလေးရှားနိုင်ငံ၏ ကာလအရှည်ကြာဆုံး မလေးရှားကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ အပါအဝင် လက်ရှိလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများမှ အသင်းသားများ၊ အများပိုင်လီမိတက်ကုမ္ပဏီများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများမှ တက်ရောက်ခဲ့ကြကြောင်း ဖော်ပြပါရှိပါသည်။

အခမ်းအနားသို့ ဖိလစ်ပိုင်သံရုံးမှ တတိယအတွင်းဝန်နှင့် ဒုတိယကောင်စစ်ဝန်၊ MICCI မှ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိကြီးများ၊ အထွေထွေမန်နေဂျာများ၊ စီမံခန့်ခွဲမှုကော်မတီဝင်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

 

( စီးပွားရေးသံမှူး၊ မနီလာမြို့)

Source; https://www.dti.gov.ph/news/dti-and-ph-embassy-in-malaysia-inks-agreement-with-micci-to-strengthen-ph-my-business-relations/

Category: Phillippines